အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်းများကို Online မှ တစ်ဆင့်လျှောက်ထားနိုင်


(စီးပွားရေး) ဇွန် ၅

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးခြင်းများကို ဇွန်လ ၁၇ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်တယ်လို စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။

အဆိုပါ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း(Online Chopping) မှတ်ပုံတင်လက်မှတ်ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များကို ဇွန်လ ၁၇ ရက်မှစတင်ပြီး www.ecomreg.gov.mm မှတစ်ဆင့် လျှောက်ထား ဆောင်ရွက်ရမှာြဖစ်ပါတယ်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ် သက်တမ်းတိုး လျှောက်ထားချိန်တွင် မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များ ပြောင်းလဲမှုရှိပါက ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ဦးစွာဆောင်ရွက်ပြီးမှသာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ပြင်ဆင်ကြေးနှင့် သက်တမ်းတိုးကြေးများကို ပိုကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၁၇/၂၀၂၃ ပါ အတိုင်း ပေးသွင်းရမှာဖြစ်ပြီး သက်တမ်းတိုးလျှောက်ထားရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင် လက်မှတ် သက်တမ်းမကုန်မီ ရက်ပေါင်း ၆ဝ ကြိုတင်ကာ လျှောက်ထားနိုင်ပါတယ်။

ဒါ့အပြင် သက်တမ်းတိုးလျှောက်ထားသည့် အချိန်တွင် ယခင် Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက်အလက်များ မှန်ကန်မှုရှိရမည်ဖြစ်ပြီး လျှောက်ထားသူများမှ ကတိပြုတာဝန်ယူရမှာဖြစ် သလို အဆိုပါအချက်အလက်များ ပြောင်းလဲပြင်ဆင်မှုရှိပါက ပြင်ဆင်မှုအပိုင်းတွင် ပြင်ဆင်မှုပြုလုပ်ပြီးမှသာ သက်တမ်းတိုး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး မှတ်ပုံတင်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် စတင်လျှောက်ထားခွင့်ပြုခဲ့တယ်လို သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ