ယူကရိန်းက ရုရှားကိုတိုက်ခိုက်ရာတွင် နယ်သာလန်က ၎င်းတို၏ တိုက်လေယာဉ်များကို အသုံးပြုခွင့်ပေး


(နိုင်ငံတကာ) ဇွန် ၄

နယ်သာလန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးသည့်အပြင် ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံကိုတိုက်ခိုက်ရာတွင် ၎င်းတို့၏ တိုက်လေယာဉ်များကို အသုံးပြုခွင့်ပါ ပေးလိုက်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံက နယ်သာလန်နိုင်ငံမှ F-16 တိုက်လေယာဉ် ၂၄ စင်း လက်ခံရရှိမည်ဖြစ်ပြီး ထိုလေယာဉ်များကို သင့်လျော်သလို အသုံးပြုနိုင်ကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

တစ်ချိန်တည်းမှာပင် ဘယ်ဂျီယံနိုင်ငံကလည်း ယူကရိန်းနိုင်ငံသို့ အလားတူတိုက်လေယာဉ်အစင်း ၃၀ ထောက်ပံ့ပေးထားသည်။ သို့သော် ထိုတိုက်လေယာဉ်များကို ယူကရိန်းနိုင်ငံက ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သော နယ်နိမိတ်အတွင်းသာ အသုံးပြုရန် ကန့်သတ်ထားသည်။

နယ်သာလန်နိုင်ငံကမူ ဘယ်ဂျီယံနိုင်ငံကဲ့သို့ ကန့်သတ်မှုမရှိကြောင်း၊ ထိုစစ်လက်နက်ပစ္စည်းများကို လွှပြောင်းပေးပြီးပါက ထိုပစ္စည်းများသည် ယူကရိန်းအပိုင်ဖြစ်သွားပြီး စိတ်ကြိုက်အသုံးပြုနိုင် ကြောင်း၊ လိုအပ်သောအရာတစ်ခုမှာ နိုင်ငံတကာဥပဒေနှင့်အညီ အသုံးပြုရန်သာဖြစ်ကြောင်း နယ်သာလန်ကာကွယ်ရေး ဝန်ကြီးက စင်ကာပူနိုင်ငံတွင်ကျင်းပသော ရှန်ဂရီလာစကားဝိုင်း၌ ပြောခဲ့သည်။

ယခုအခါ အနောက်နိုင်ငံတချိုက ယူကရိန်းသို့ လေယာဉ်မောင်းနည်းပြများစေလွှတ်ပြီး F-16 တိုက်လေယာဉ် အသုံးပြုနည်းသင်တန်းများ ပေးနေပြီဖြစ်သည်။ ယူကရိန်းသို့ အနောက်အုပ်စုက စစ်လက်နက်ပစ္စည်းများပေးပို့ထောက်ပံ့နေခြင်းသည် နျူကလီးယား စစ်ပွဲအထိ ဖြစ်လာစေနိုင်သည့် အန္တရာယ်ရှိနေကြောင်း ရုရှားအစိုးရက သတိပေးထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ