ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှု ဆုတ်ယုတ်လျော့ပါးလာပြီဟု တရုတ်ပြော


(နိုင်ငံတကာ) ဇွန် ၃

ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံ၏ကြိုးပမ်းမှုက ခွဲထွက်ရေး သမားများနှင့် ပြင်ပ အင်အားစုများကြောင့် ဆုတ်ယုတ်လျော့ပါးလာပြီဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး က ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံမှနေ၍ ထိုင်ဝမ်ကျွန်းကို ခွဲထုတ်ရန် ကြိုးပမ်းသူ မည်သူမဆိုသည် ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေမှုနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး က သတိပေးထားသည်။

ထိုင်ဝမ်ကျွန်း ကိစ္စသည် တရုတ်နိုင်ငံ၏အဓိက အကျိုးစီးပွားများအတွက် အဓိကမဏ္ဍိုင်ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒ အတိုင်းဆက်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်တပ်မတော်က ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဒေါင်ဂျန် က စင်ကာပူနိုင်ငံ၌ ကျင်းပသော ရှန်ဂရီလာလုံခြုံရေး ညီလာခံ၌ ပြောသည်။

ထိုင်ဝမ်ကျွန်း၌ အာဏာရရှိထားသည့် ထိုင်ဝမ်ဒီမိုကရက်တစ် တိုးတက်ရေးပါတီအနေဖြင့် ခွဲထွက်ရေးကိုသာ လက်ကိုင်ထားမှုသည် ထိုကျွန်းရှိ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာ၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ခွဲထွက်ရေးကြိုးပမ်းသူများသည် တရုတ်နိုင်ငံတော်နှင့်ဘိုးဘေးများအပေါ် သစ္စာမဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ပြင်ပအင်အားစုများသည် ထိုင်ဝမ်ကျွန်းကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်းအားဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပျက်စီးအောင် ကြံဆောင်နေကြောင်းနှင့် တရုတ်ကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်ဝမ်ကျွန်းကို အသုံးပြုရန် ကြိုးပမ်းနေကြောင်း ကာကွယ်ရေးဝန်ကြီး က ပြောထားသည်။

ထိုသို့သော မလိုမုန်းတီးအငြိုးထားသည့် ရည်ရွယ်ချက်များသည် ထိုင်ဝမ်ကျွန်းကို အန္တရာယ်ရှိသော အခြေအနေသို့ ဆွဲခေါ်သွားနေကြောင်း၊ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းနေသော်လည်း ခွဲထွက်ရေးသမားများ၊ ပြင်ပအင်အားစုများကြောင့် ထိုကြိုးပမ်းမှုမှာ တစ်စထက်တစ်စ ယိုယွင်း လာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျန် က သတိပေးထားသည်။

ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ ခွဲထုတ်၍ မရနိုင်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထိုဒေသအနေဖြင့် လွတ်လပ်ရေးကို တရားဝင်ကြေညာလျှင် ပေါင်းစည်းရေးအတွက် အင်အားသုံး ဖြေရှင်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သတိပေးထားပြီး ဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ