နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း ကိစ္စများနှင့် ပတ်သက်၍ လိမ်လည်သူများရှိနေကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက အသိပေးပြီးလိမ်လည်သူများကို အရေးယူမည်ဟုဆို


(နိုင်ငံတကာ) မေ ၃၀

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း ကိစ္စများနှင့်ပတ်သက်၍ Facebook နှင့် Tik Tok များ အသုံးပြုကာ လိမ်လည်သူများ ရှိနေကြောင်းကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပြီး လိမ်လည်သူများကို အရေးယူမည်ဖြစ်ကြောင်းလည်းသံရုံးက ဆိုထားသည်။

ကွာလာလမ်ပူမြို့ မြန်မာသံရုံးသည် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ကိစ္စရပ်များ၊ C of I ထုတ်ပေးသည့် ကိစ္စနှင့် ထောက်ခံစာများ ထုတ်ပေးသည့် ကိစ္စတို့ကို ညွှန်ကြားချက်များနှင့်အညီ www.mekl.org တွင် ရက်ချိန်းရယူထားပြီးသူများအား နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်းနှင့် C of I လျှောက် ထားခြင်းကိစ္စများနှင့်ပတ်သက်၍ အခြေအနေမှန်ကို မသိနားမလည်သည့် မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖြားလိုသူများက Facebook နှင့် Tik Tok များ အသုံးပြု၍ သတင်းအမှား၊ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း သံရုံးကဆို ထားကာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာအချို့၏ ပုံများကို ထုတ်ပြန်ထားသည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာများသည် မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖြားနေသူများကို မြန်မာသံရုံးမှ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှု ကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူးလက်မှတ်အသစ်လျှောက် ခွင့်ပြု ချက်ကျသူများစာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာနိုင်ငံ သားများ သိရှိစေရန် သံရုံး၏ Facebook Page “Myanmar Embassy in Kuala Lumpur, Malaysia” နှင့် Website: https://myanmarembassykl.org များတွင် ဖော်ပြပေး လျက်ရှိကြောင်း သိရသည်။

မလေးရှားအစိုးရက နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများ ပပျောက်စေရေးရည်ရွယ်လျက် စီမံချက်များချမှတ်ပြီး Operasi စစ်ဆေးမှုများကို နိုင်ငံတစ်ဝန်း အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခုကာလအတွင်း အသွားအလာများ ဂရုပြုကြရန်နှင့် မဖြစ်မနေ ခရီးသွားလာ ရပါက နိုင်ငံကူးလက်မှတ်နှင့်လိုအပ်သည့် စာရွက်စာတမ်းများကိုလည်း Operasi စစ်ဆေးမှုများရှိသည့်အခါတွင် တင်ပြနိုင်ရန်အတွက် ကိုယ်နှင့်မကွာ ဆောင်ထားကြရန်လည်းသံရုံးက အသိ ပေးထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ WhatsApp no: +601125105774 သို့ စာဖြင့် ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်းလည်း အသိပေးသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ