၁၀ နှစ်ကြာရပ်ထားသည့် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာတွင် ပဉ္စမအကြိမ် အဖြစ်ကျင်းပမည်


(အားကစား) မေ ၂၉


လာမည့် ဒီဇင်ဘာလတွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုကျင်း​ပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားရန် လျာထားဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲဖြစ်အမျိုးသားအားကစားပွဲတော် ကျင်းပမည့်အချိန်မှာ ယခုနှစ် ဒီဇင်ဘာလဖြစ်သည့်အတွက် ၆ လခန့် အချိန်ရရှိသော်လည်း ကြိုတင်ပြင်ဆင်စုဖွဲ့ရမည့်ကိစ္စများ၊ လေ့ကျင်ရမည့်ကိစ္စများသည် နိုင်ငံတော်အဆင့်ဖြစ်သည့်အတွက် ယခုအချိန်မှစတင်၍ ကြိုတင်ပြင်ဆင်နိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ပထမအကြိမ်အစည်းအဝေးကို ကျင်းပရခြင်းဖြစ်သည်ဟု အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှပြောသည်။

အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ် အမျိုးသား အားကစားပွဲတော်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တစ်နှစ်ပတ်လုံး ကျောင်းသားအားကစားပွဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသော်လည်း မတူသည့်အချက်မှာ ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် ပြိုင်ပွဲဝင်အသင်းများသာမက ပြိုင်ပွဲဝင်အားကစားသမားများပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများဆုံးယှဉ်ပြိုင်ကြမည့် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲဖြစ်တယ်လို့လည်း နစက ဒုဥက္ကဋ္ဌကပြောသည်။

အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်းနှစ်ပိုင်းဆောင်ရွက်သွားရန် စီမံထားကြောင်းသိရပြီးဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစားနည်း ခြောက်နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားသည်ဟု သိရသည်။

#PAN