မြောက်ကိုရီးယားက ဇွန်လ ၄ ရက်မတိုင်မီ ဂြိုဟ်တုလွှတ်တင်မည်ဟု ဂျပန်ကို အသိပေးထား


(နိုင်ငံတကာ) မေ ၂၈

မြောက်ကိုရီးယားက ဇွန်လ ၄ ရက်မတိုင်မီ ဂြိုဟ်တုလွှတ်တင်မည်ဟု ဂျပန်ကို အသိပေးထား


(နိုင်ငံတကာ) မေ ၂၈

မြောက်ကိုရီးယားနိုင်ငံက မေလ ၂၇ ရက်ညပိုင်းမှ ဇွန်လ ၄ ရက်မတိုင်မီစပ်ကြားကာလတွင် ဂြိုဟ်တု တစ်စင်းကို လွှတ်တင်မည်ဟု ဂျပန်အစိုးရကို အသိပေးထားကြောင်းသိရသည်။

တောင်ကိုရီးယားသမ္မတ၊ တရုတ်ဝန်ကြီးချုပ်နှင့် ဂျပန်ဝန်ကြီးချုပ်တို့က သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို မေလ ၂၇ ရက်တွင် ပြုလုပ်နေစဉ် မြောက်ကိုရီးယားက ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်သည်ဟု ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောသည်။

အဆိုပါဂြိုဟ်တုကို အာကာသဒုံးပျံအသုံးပြု၍ လွှတ်တင်သွားမည်ဖြစ်သောကြောင့် ဒုံးပျံမှထွက်ရှိလာမည့် အပျက်အစီးအစိတ်အပိုင်းများက နေရာသုံးခုတွင် ကျရောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား၏ အသိပေးချက် တွင် ဖော်ပြထားသည်။

အပျက်အစီးအစိတ်အပိုင်းများ ကျရောက်မည့်နေရာသုံးခုမှာ ကိုရီးယားကျွန်းဆွယ် အနောက်ပိုင်းတွင် နှစ်နေရာနှင့် ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းအရှေ့ဘက်ပိုင်းတွင် တစ်နေရာတို့ ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပထမဆုံးသောဂြိုဟ်တုကို လွှတ်တင်ပြီးနောက် ယခုနှစ်အတွင်း နောက်ထပ် ဂြိုဟ်တုသုံးစင်းကို လွှတ်တင်သွားမည်ဟု ကြေညာ ထားသည်။

မြောက်ကိုရီးယားနိုင်ငံက မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို အမြင့်ပျံဒုံးကျည်နည်းပညာကို အသုံးပြုပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။ မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် အမြင့်ပျံ ဒုံးကျည်နှင့်စစ်နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များအပါအဝင် အဆင့်မြင့်စစ်လက်နက် ပစ္စည်းများကို တီထွင်ထုတ်လုပ်မှုများ လုပ်ဆောင်နေစဉ် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်ရေးစွမ်းရည်များ တိုးမြင့်စေရန် ဦးစားပေးလုပ်ဆောင်လာလျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ