(ပြည်တွင်း) မေ ၂၈
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များ နှင့် ညှိနှိုင်း၍ နိုင်ငံတော်မှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မမေဖြူလတ်သည် မေ ၂၆ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် ည ၈ နာရီတွင် လေကြောင်းခရီး စဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒူဘိုင်းမြို့နှင့် နယူးဒေလီမြို့တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ညနေ ၄ နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသူ မမေဖြူလတ်သည် ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အိမ်ရှင်နှင့် အဆင်မပြေမှုကြောင့် ဒူဘိုင်းမြို့ အေးဂျင့်ရုံးသို့ ပြန်ပို့ပေးရန်တောင်းဆိုခဲ့ရာ ခွင့်မပြုသည့်အတွက် ထိုအိမ်မှ ထွက်ပြေးစဉ် လမ်း၌ ပါကစ္စတန်လူမျိုးနှစ်ဦးနှင့်တွေ့ဆုံ၍ အခြားအိမ်တစ်အိမ်သို့ ပို့ဆောင်ခဲ့သောကြောင့် ထိုအိမ်တွင် နှစ်လကျော်အလုပ်လုပ်ကိုင်ခဲ့ရပြီး အိမ်ရှင်အား ဒူဘိုင်းမြို့သို့ ပြန်လည် ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ရာ လေဆိပ်သို့ ပို့ဆောင်ပေးခဲ့သဖြင့် ၁၂ ရက်ကြာ လေဆိပ်တွင် နေထိုင်ခဲ့ရကာ King Khalid International Airport မှ လေဆိပ်တာဝန်ခံအရာရှိက လေဆိပ်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသူ မမေဖြူလတ်အား လာရောက်ခေါ်ဆောင်ပေးနိုင်ပါရန် မြန်မာသံရုံးသို့ ဆက်သွယ်ပြောကြားလာ၍ မမေဖြူလတ်အား မေ ၁၀ ရက်၌ လေဆိပ်တွင် သွားရောက်ခေါ်ဆောင်၍ မြန်မာသံရုံးတွင် နေရာထိုင်ခင်း၊ အစားအသောက်နှင့် လိုအပ်သောကူညီမှုများကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသူ မမေဖြူလတ်အား ဆော်ဒီအာရေဗျနိုင်ငံမှ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit) ရရှိခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုကို မမေဖြူလတ်က “ကျွန်မက ပဲခူးမြို့မှာ နေပါတယ်။ ကျွန်မမှာ ကလေးလည်းရှိတဲ့အတွက် ပြည်ပမှာ လုပ်ခလစာများတယ်ဆို တဲ့ဆက်သွယ်မှုနဲ့ ရောက်ရှိသွားတာပါ။ ဟိုရောက်တော့ အစားအသောက်မမှန်တာ၊ အိပ်ချိန်နည်းတာ၊ ဘာသာစကားနားမလည်တာနဲ့ လစာတောင်းရာမှာ အခက်အခဲမျိုးစုံကြုံရပါတယ်။ နောက်တစ်အိမ်ကိုရောက်တော့ အလုပ်ဆက်လုပ်လို့မရတော့တာကြောင့် ကျွန်မကို လေဆိပ်မှာပို့ပေးခဲ့တယ်။
လေဆိပ်မှာ ၁၀ ရက်ကြာတော့ အမိနိုင်ငံကို ပြန်မရောက်တော့ဘူးလို့ထင်ထားတာ လေဆိပ်ဝန်ထမ်းတွေက မြန်မာသံရုံးကို ဆက်သွယ်ပေးတော့ ချက်ချင်းလာရောက်ခေါ်ဆောင်တဲ့အတွက် အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ သံရုံးကိုရောက်ချိန်မှာလည်း ဝန်ထမ်းများက အားပေးစကားပြောပြီး လိုအပ်တာတွေအားလုံး ကူညီပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ကြည်နူးဖြစ်ရပါတယ်။
မြန်မာနိုင်ငံကို ပြန်လာတဲ့ လမ်းခရီးတစ်လျှောက်မှာလည်း သံရုံးက အစစအရာရာကူညီဆောင်ရွက်ပေးတာကြောင့် အားလုံးအဆင်ပြေချောမွေ့ခဲ့ပြီး မိမိနိုင်ငံရဲ့ အပြန်ခရီးဟာ မထင်မှတ်ထားတဲ့ ကူညီဆောင်ရွက်ပေးမှုရဲ့ ကျေးဇူးတို့ကြောင့် အားလုံးချောမွေ့ခဲ့ပါတယ်။ အခုလိုပြည်ပမှာ အခက်အခဲကြုံတွေနေရချိန်မှာ ကူညီဆောင်ရွက်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ သံရုံးကဝန်ထမ်း များအားလုံးကို ဒီနေရာကနေ အထူးပဲလေးလေးစားစားကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်”ဟု တွေ့ကြုံခဲ့ရမှုတို့ကို ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြ ပြီး ယခုလို အမိနိုင်ငံသူတစ်ဦး အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့ကိုလှိုက်လှိုက်လှဲလှဲ အထူးကျေးဇူး တင်လျက်ရှိကြောင်း သိရသည်။
Telegram>>…
https://t.me/positiveanglenews