ကျောက္ကာရွှေဂူနီဘုရား ဗုဒ္ဓပူဇနိယပွဲ ကျင်းပမည်မဟုတ်


(ပြည်တွင်း) မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အရှေ့ဘက်၊ ၉ မိုင်အကွာရှိ ကျောက္ကာရွာ ရွှေဂူနီဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်မှာလည်း ကျင်းပသွားမည်မဟုတ်‌ကြောင်း သိရပါတယ်။

ရွှေဂူနီဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်ကာလမှ စတင်ကာ မကျင်းပဖြစ်ခြင်းဖြစ်ပြီး ယခုနှစ်နှင့်ဆိုပါက မကျင်းပဖြစ်သည်မှာ ၆ နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ဘုရားပွဲတော် မကျင်းပဖြစ်ပေမယ့် နှစ်စဥ်ဘုရားပွဲရက် ဖြစ်တဲ့ ကဆုန်လပြည့်ကျော် ၈ ရက် နံနက်အစောပိုင်းမှာ ဘုရားအနေကဇာတင်ခြင်းကို မပျက်မကွက် ကျင်းပကြကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရပါတယ်။

ရွှေဂူနီဘုရားကြီး သြဝါဒါစရိယဆရာတော်မုံရွာမြို့ ရန်ကင်းဆရာတော်ကြီးနှင့် ဇောတိကာရာမကျောင်း ဆရာတော်ကြီးတို ဦးဆောင်ကာ ကျောက္ကာရွာမှ ဆရာတော်စုစုပေါင်း ၁၃ ပါးကို အာရုံဆွမ်း ကပ်လှူကာ ရွှေဂူနီဘုရားကြီးကို အနေကဇာတင်လှူကြခြင်းဖြစ်ပါတယ်။

ရှေးဟောင်းသမိုင်းဝင် ကျောက္ကာရွှေဂူနီဘုရားကြီးကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ရာ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ ၁၃၃၃ ခုနှစ်အထိ နှစ်ပေါင်း (၃၃၄) နှစ်အတွင်း (၄)ကြိမ် ရင်ပြင်တော် ချဲ့ထွင်ပြုပြင်ခဲ့ပြီး ရွှေသင်္ကန်းကိုလည်း လုံးတော်ပြည့်ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရပါတယ်။

ကျောက္ကာတောင်ရွာနှင့် မြောက်ရွာကြားရှိ ရွှေဂူနီဘုရားကြီးသည် သာလွန်မင်းတရားကြီး ပြုပြင်မွမ်းမံသည်မှ ယနေ့အချိန်ထိ နှစ်ပေါင်း ၄၀၀ ကျော်ကြာ ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးဖြစ်ပြီး လက်ရှိမှာ လပြည့်နေ့နှင့် စနေနေ့ ကျသောရက်များမှာ အလွန်ဆုတောင်းပြည့်တယ်လို လူအများကယုံကြည်ကြပါတယ်။

ရွှေဂူနီဘုရားကြီးရဲ့ ဖိနပ်တော် ၃၄ တောင်၊ ဥာဏ်တော် ၇၂ တောင်မြင့်ပြီး အရံစေတီ ၄၃ ဆူ ရှိကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ