Heat stroke ကြောင့် လူကြီးများသာမက ကလေးများပါ အဖျားကြီး၍ သေဆုံးသည့် ဖြစ်စဉ်များရှိလာ


(ပြည်​တွင်း) မေ ၂၁

ယခုနှစ် နွေရာသီတွင် Heat stroke ကြောင့် လူကြီးများသာမက ကလေးများပါ အဖျားကြီး၍ သေဆုံးသည့် ဖြစ်စဉ်များရှိလာကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

Heat stroke ကို အရွယ်သုံးပါးမရွေး ခံစားနေရပြီး သက်ကြီးပိုင်းများ ပိုအဖြစ်များရာမှ ယခုနောက်ပိုင်း ကလေးငယ်များတွင်ပါ အဖျားကြီးပြီး အောက်ဆီဂျင်ကျကာ အသက်ရှူကျပ်လာပြီးနောက် သေဆုံးမှုပါရှိလာကြောင်း ရွှေဂုံရိပ်မွန် လူမှုကူညီရေးအသင်းမှ သိရသည်။

“လူကြီးတွေမက အခုကကလေးတွေပါ အဖြစ်များပါတယ်။ အပူလွန်တဲ့မြို့တွေဆိုရင် အဖြစ်များပါတယ်။ ကလေးတွေ အဖျားကြီးမယ်၊ တတ်ပါမယ်၊ အောက်ဆီဂျင်ကျမယ်၊ အသက်ရှူကျပ်ပါတယ်၊။ ခန္ဓာကိုယ်ပြာနှမ်းလာပါတယ်။ ခံနိုင်ရည်နည်းလို့ပါ။ တချို့ဆို မိဘက အိပ်နေတယ်ပဲထင်ထားတာ မနက်ကျတော့သေနေပြီ။ ကြောက်ဖို့ကောင်းပါတယ်။ အဓိကတော့ အပူကြောင့်ဖြစ်ရတဲ့ အကြောင်းအရင်းပါ။ အချိန်မီသိဖို့လိုပါတယ်” ဟု အထက်ပါအသင်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဉ်များနည်းတူ မိမိအိမ်တွင်နေထိုင်ရင်း လေဝင်လေထွက် မကောင်းသည့်အတွက် အပူလွန်ကဲ၍ အသက်ရှူကြပ်ပြီး heat stroke ဖြစ်စဉ်များလည်းရှိကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

“အသင်းအကြံပေးဆရာ၀န်ဆီ အရေးပေါ်ဆောင်ရွက်ရမဲ့ အကြောင်းအရာတွေကို အကြံဉာဏ်တောင်းခံတော့ လေရရှိမယ့် ပြတင်းပေါက်နားသွား လေအဝရှူ၊ ဓာတ်ဆားရည် နှစ်ပုလင်းချက်ခြင်းအရသောက်၊ နဖူးပေါ် အဝတ်ရေစွတ်ပြီးတင်၊ ကိုယ်ပူမကျရင် ရေချိုး၊ သကြားလုံးငုံ စသည်ဖြင့် အဆင့်ဆင့်မှာကြားသည့်အတိုင်း လိုက်လံဆောင်ရွက်ရာ ဓာတ်ဆားနှစ်ဘူးလဲသောက်ပြီး အခြေအနေက ပြန်ကောင်းလာပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် နေပူထဲသွားမှသာမဟုတ်ဘဲ အရိပ်အောက်တွင် အလုပ်လုပ်နေကြသူများလည်း Heat stroke ဖြစ်တတ်၍ အရေးပေါ်အခြေအနေဖြစ်သည့် သတိလစ်အနေအထားဆိုလျှင် မဖြစ်မနေ ဆေးခန်း (သို့မဟုတ်) ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်၍ ဆေးကုသမှုခံယူခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး အချိန်မီပို့ဆောင်၍ ဆေးကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်းလည်း ဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ