ရေစကြိုမြို့နယ်တွင် အငြိမ်းစား ပညာရေးဝန်ထမ်းနှစ်ဦး ထိုးသွင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ


(ပြည်တွင်း) မေ ၁၉

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ငါးရာပြည့်ရပ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အငြိမ်းစား ပညာရေးဝန်ထမ်း ၂ ဦးအား ၎င်းတို့နေထိုင်ရာ နေအိမ်တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသူ ၂ ဦးဖြစ်သည့် ဦးအောင်ခင်၊ အသက် ၇၀ နှစ်၊ ပညာရေးမှူး(ငြိမ်း)နှင့် ဇနီးဖြစ်သူ ဒေါ်ကြည်တင့်၊ အသက် ၆၅ နှစ်၊ ကျောင်းဆရာမ (ငြိမ်း)တို့ ဖြစ်ပြီး၊ ၎င်းတို့သည် ငွေကြေးအသင့်တင့်ရှိသည့်အတွက် ငွေကြေးရလိုမှုဖြင့် မသမာသူများမှ နေအိမ်အတွင်းဝင်ရောက်၍ အနုကြမ်းစီး ဝင်ရောက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်သို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးအောင်ခင်တွင် ဝဲ ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ ၇ ချက်၊ ဒေါ်ကြည်တင့်တွင် လည်ဂုတ် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာပုခုံး ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာတံထောင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ ၉ ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ နေအိမ်တွင် သေဆုံးသူဇနီးမောင်နှံ ၂ ဦးသာနေထိုင်ကြပြီး G-9/G-10/G-11 ကျောင်းသူ/သားများအား ကျူရှင်ပြသပေးလျက်ရှိကြောင်း၊ ၎င်းတို့၏ သား/သမီးများမှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင်နေထိုင်ကြသူများဖြစ်ကြောင်း၊ ၎င်း ဇနီးမောင်နှံအား သတ်ဖြတ်သွားသူများကို သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22736

PAN

ZA #SZ