သမ္မတ ပူတင်က ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် စီးပွားရေးပညာရှင် ဘီလိုဆော့ဗ် ကို အဆိုပြု


(နိုင်ငံတကာသင်း) မေ ၁၄

ရုရှားသမ္မတပူတင်သည် ကာကွယ်ရေးဝန်ကြီး ဆာဂေးရှီဂူး ၏နေရာတွင် အစားထိုးတာဝန်ယူမည့် ကာကွယ်ရေးဝန်ကြီးသစ် အဖြစ် စီးပွားရေးပညာရှင် အန်ဒရီ ဘီလိုဆော့ဗ်ကို ရွေးချယ် အဆိုပြုထားကြောင်း မေလ ၁၂ ရက်က သတင်းများတွင် ဖော်ပြထားသည်။

အသက် ၆၅ နှစ်အရွယ် ရုရှားဒုတိယဝန်ကြီးချုပ်ဟောင်း ဘီလို ဆော့ဗ်သည် စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး ရုရှားသမ္မတပူတင်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘီလို ဆော့ဗ်အား ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတပူတင် က အဆိုပြုထားမှုကို ရုရှားအောက်လွှတ်တော် က အတည်ပြုပေးရမည် ဖြစ်သည်။

၂၀၁၂ ခုနှစ်မှစ၍ ရုရှားကာကွယ်ရေးဝန်ကြီးတာဝန် ရယူခဲ့သော အသက် ၆၈ နှစ်အရွယ် ဆာဂေးရှီဂူး က ဩဇာကြီးမားသည့် ရုရှားအမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူးရာထူးကို ရယူနိုင်ဖွယ် ရှိသည်။

ရုရှားသမ္မတ ပူတင်၏ ကာကွယ်ရေးဝန်ကြီးနေရာအပြောင်းအလဲသည် ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားသမ္မတ ပူတင် ပြုလုပ်ခဲ့သမျှ စစ်ရေးခေါင်းဆောင်နေရာ အပြောင်းအလဲများအနက် အကြီးမားဆုံးဖြစ်သည်။

ရုရှားသမ္မတ ပူတင် သည် ယခုနှစ် မတ်လရွေးကောက်ပွဲရလဒ်များအရ ရုရှားသမ္မတသစ် အဖြစ် မေလ ၇ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆို ပြီးနောက် ကာကွယ်ရေးဝန်ကြီးနေရာကို အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews/22566

PAN

SZ