အစ္စရေးတင့်ကားများ ရာဖာမြို့အရှေ့ပိုင်းကို ဝိုင်းရံပိတ်ဆို့

မေ ၁၁

      အစ္စရေးစစ်ဘက်တင့်ကားများသည် မေလ ၁၀ ရက်တွင် ရာဖာမြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့ကို ပိုင်းခြားပေးထားသည့် အဓိကလမ်းမကြီးကို ထိန်း ချုပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

      အဆိုပါလမ်းမကြီးကို ထိန်းချုပ်ထားခြင်းဖြင့် အစ္စရေးတပ်များသည် ရာဖာမြို့အရှေ့ခြမ်းကို ဝန်းရံပိတ်ဆို့ထားနိုင်ပြီဖြစ်သည်။ ရာဖာမြို့အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် အစ္စရေးတပ်များနှင့် ဟားမတ်စ်အုပ်စုများအကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း ပါလက်စတိုင်းဒေသခံများက ပြောကြားထားသည်။

     ရာဖာမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အစ္စရေးစစ်ဘက်သည် ရာဖာမြို့တွင်းရှိ ပါလက်စတိုင်းဒုက္ခသည်များအား ဘေးလွတ်ရာသို့ရှောင်တိမ်းရန် ညွှန်ကြားထားရာ ဒုက္ခသည်ရာပေါင်းများစွာ တို့မှာ ရာဖာမြို့ပြင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

      လက်ရှိအချိန်တွင် အစ္စရေး၏ မြေပြင်ထိုးစစ်ကြောင့် ပါလက်စတိုင်းအရပ်သားများ သေဆုံးမှုနှုန်း မြင့်တက်လာမည့်အရေးကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်လျက်ရှိသည်။ ရာဖာမြို့သည် လက်ရှိဖြစ်ပွားဆဲ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဒုက္ခသည်ဘဝရောက်ခဲ့ရသည့် ပါလက်စတိုင်းလူမျိုး တစ်သန်းကျော် ခိုလှုံနေသော မြို့ဖြစ်ကြောင်းသိရသည်။

#PAN