ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် စာသင်ကျောင်းများပိတ်


ဧပြီ ၂၉

ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် စာသင်ကျောင်းများကို နှစ်ရက်ပိတ်ရန် ပညာရေးဝန်ကြီး ဌာနက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်လွန်ကဲစွာ မြင့်တက်လာခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်းထောင်ပေါင်းများစွာကို ပိတ်ရန်အကြောင်းဖန်လာခြင်းဖြစ်သည်။

ထိုပြင် နိုင်ငံအတွင်းရှိ စာသင်ကျောင်းအများစု၌ လေအေးပေးစက်မရှိသောကြောင့် ကျောင်းသားများမှာ ချွေးသံတရွှဲရွှဲဖြင့် စာသင်ရသည့်အတွက် အဆင်မပြေမှုများလည်းရှိသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝန်း၌ ဂျစ်ကားမောင်းသူများက သပိတ်မှောက်မှုများလုပ်ဆောင်ရန် စီစဉ်ထားသောကြောင့် ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်ကို စာသင်ကျောင်းများပိတ်ပြီး အဝေးသင်စနစ်ဖြင့်သင်ကြားရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်အစိုးရက နိုင်ငံအတွင်း မီးခိုးငွေ့များစွာထွက်ရှိစေသည့် မော်တော်ကားများမောင်းနှင်မှုကို တဖြည်းဖြည်းလျှော့ချရန် စီစဉ်လာမှုအပေါ် အလုပ်နှင့်ကျောင်းများသို အဆိုပါကားများဖြင့် နေ့စဉ်သွားလာ နေရသည့် ယာဉ်မောင်းများက နိုင်ငံတစ်ဝန်း၌ သုံးရက်ကြာသပိတ်မှောက်မှု လုပ်ဆောင်ရန်စီစဉ်လာခြင်း ဖြစ်သည်။

ဧပြီလ ၂၇ ရက်တွင် မနီလာမြို၌ အပူချိန်သည် ၃၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်သာ ရှိသော်လည်း အပူ အညွှန်းကိန်းမှာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လျက်ရှိသည်။

အပူအညွှန်းကိန်းဆိုသည်မှာ တကယ်တမ်း ခံစားရသည့် အပူချိန်ကိုဆိုလိုခြင်းဖြစ်ပြီး ၎င်းတွင် လေထုအတွင်း စိုထိုင်းဆကိုပါ ထည့်သွင်း တွက်ချက်ခြင်း ဖြစ်သည်။

ယခုနွေရာသီသည် ကြုံဖူးသမျှသော နွေရာသီများတွင် အပူဆုံးဖြစ်ကြောင်း ကြိုတင်ရက်ချိန်းယူသူ များနှင့်ပြည့်နေသည့် အပန်းဖြေစခန်းပိုင်ရှင်တစ်ဦးကပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၌ မတ်လ၊ ဧပြီလနှင့်မေလ သည် ပုံမှန်အားဖြင့် အပူဆုံးလများဖြစ်သော်လည်း ယခုနှစ်တွင်မူ အယ်နီညိုရာသီဥတုကြောင့် အပူချိန်ပိုမို မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22141

PAN