ဧပြီ ၁၅
အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများ ပစ်လွှတ်တိုက်ခိုက်မှု ၉၉ ရာခိုင်နှုန်းခန့် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေး ပြောကြား
ဧပြီ ၁၅
အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံသို ဧပြီလ ၁၃ ရက်နှောင်းပိုင်းက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်နှင့် ဒရုန်းအစင်း ၃၀၀ ကို အစ္စရေးက ၉၉ ရာခိုင်နှုန်းခန့် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ဧပြီလ ၁၄ ရက်တွင် ပြောသည်။
ဧပြီလ ၁ ရက်က ဒမတ်စကတ်မြို့၌ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အကြီးတန်း တပ်မှူးနှစ်ဦး အပါ အဝင် အီရန်အရာရှိ ခုနစ်ဦး သေဆုံးမှုအတွက် အီရန်၏ လက်တုံပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး ပေါက်ကွဲသံများ၊ တိုက်လေယာဉ်များမောင်းနှင်သည့် ဆူညံသံများနှင့် လေကြောင်းတိုက်ခိုက်သံများ အစ္စရေးနိုင်ငံတစ်ဝန်း ကြားခဲ့ ရကြောင်း သိရသည်။
ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ဖြစ်ပေါ်စေရေးအတွက် မိမိတို၏ မိတ်ဖက်များ၊ အမေရိကန်၊ အခြား နိုင်ငံများနှင့်အတူ ယင်းတိုက်ခိုက်မှုများကို တားဆီးဟန့်တားရန် စီစဉ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလန့်က ပြောကြားသည်။
အီရန်က ဒရုန်း ၁၇၀ ခန့်၊ ခရုစ်ဒုံးကျည် ၃၀ ကျော်နှင့် ပဲ့ထိန်းဒုံးကျည် ၁၂၀ ကျော် ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ (အိုင်ဒီအက်ဖ်) မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂရီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယင်းနောက် အစ္စရေးလေပိုင်နက်ကို ခြောက်နာရီကျော်ကြာ ပိတ်ထားပြီးနောက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း အစ္စရေးလေဆိပ် အာဏာပိုင်အဖွဲ့က ပြောကြားသည်။
ပြင်သစ်၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံအများအပြားက အီရန်၏လက်တုံပြန်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ် က အဆိုပါတိုက်ခိုက်မှုမှာ ပြင်းထန်သည့် တင်းမာမှုတစ်ခုဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram Link>>…
https://t.me/positiveanglenews/21736