ဧပြီ ၁၄
အီရန်မှ ပစ်လွှတ်သော ဒရုန်းများနှင့်ဒုံးကျည် ရာပေါင်းများစွာသည် ယမန်နေ့ညတွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိစဉ် အစ္စရေးနိုင်ငံတစ်ဝှမ်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ကို ယီမင်နှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှလည်း ပစ်လွှတ်ခဲ့ကြောင်း၊ Dead Sea နှင့် မလှမ်းမကမ်း Arad မြို့အနီးရှိ Bedouin ရွာမှ အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး အီရန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု အစ္စရေးအမျိုးသား အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု NGO အဖွဲ့ (Magen David Adom) က ပြောကြားခဲ့သည်။
တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံ တောင်ပိုင်း IDF အခြေ စိုက် လေတပ်စခန်းရှိ အခြေခံအဆောက်အအုံများ အသေးစားထိခိုက်ပျက်စီးခဲ့သည်ဟု IDF ပြောရေး ဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က ပြောကြားခဲ့သည်။ နံနက် ၃ နာရီအချိန်တွင် အီရန်သည် လူသတ်ဒရုန်းများ၊ ခရုဇ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည် ၂၀၀ ကျော်ကို ကြီးမားကျယ်ပြန့်စွာ ပစ်လွှတ်ခဲ့သည်ဟု ၎င်း က ဆိုသည်။
Daniel Hagari က ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့်အတူ) ယခုအချိန် အခိုက်အတန့်တွင် လုပ်ဆောင်နေကာ ယခုအချိန်အထိ ဒုံးကျည်အများစု၊ တိုက်ခိုက်ရေးဒရုန်းများ၊ ခရုဇ်ဒုံးကျည်များနှင့် အစ္စရေးနယ်စပ်အပြင်ဘက်ရှိ ပဲ့ထိန်းဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ဆက်လက်၍ အီရန် ၏တိုက်ခိုက်မှု မပြီးသေးဟု အလေးပေးပြောကြားခဲ့သည်။ ကြားဖြတ်ဖမ်းယူမှု အားလုံးနီးပါးသည် လေယာဉ်၊David’s Sling သို့မဟုတ် Arrow ဒုံးကျည်စနစ်များ ဖြစ်ပြီး ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့၏ ရိုးရှင်းသော ဒုံးကျည်များကို ကောင်းစွာခုခံကာကွယ်သည့် Iron Dome သည် ဒရုန်းများနှင့် ပိုမိုဆန်းသစ်သော တာဝေးပစ်ဒုံးကျည်များအတွက် သက်ဆိုင်မှုနည်းပါးသည်ဟု ဆိုသည်။
အီရန်သည် ၎င်း၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟုလည်း အတည် ပြုခဲ့သည်။ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သော် လည်း အစ္စရေး စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဝန်ကြီးဌာနက၎င်းသည် ” မိမိကိုယ်ကို ခုခံကာကွယ်ခြင်း” ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု အခိုင်အမာဆိုထားသည်။ အာရပ်မီဒီယာသို့ အစ္စရေးဝန်ကြီးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ Ofir Gendelman က အီရန်၏တိုက်ခိုက်မှုအပေါ် အစ္စရေး၏ တုံ့ပြန်မှုသည် ခိုင်မာပြတ်သားမည်ဟု သတိပေးခဲ့သည်။
ယမန်နေ့ နံနက် ၃ နာရီအချိန်တွင် အီရန်မှ ဒုံးကျည် ၁၅ဝ ခန့်ကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သည်ဟု ABC သတင်းအရ သိရကာ အစ္စရေး၊ အမေရိကန်၊ ဗြိတိန်နှင့် ဂျော်ဒန်တို့သည် ဆီးရီးယား၊ ဂျော်ဒန်၊ အီရတ်နှင့် အစ္စရေးနိုင်ငံတို့ရှိ ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် လုပ် ဆောင်ခဲ့ကြသည်ဟု ပြည်ပသတင်းများဆို သည်။ အီရန်နိုင်ငံပိုင် သတင်းဌာနက ယမန်နေ့ စနေနေ့ညတွင် ပဲ့ထိန်းဒုံးကျည် ပထမလှိုင်းကို အီရန်မှ အစ္စရေးသို့ ပစ်လွှတ်ခဲ့သည်ဟု ဖော်ပြခဲ့ပြီး အစ္စရေး ကာကွယ်ရေး သတင်းရင်းမြစ်များက အဆိုပါ အစီရင်ခံစာကို ငြင်းဆိုခဲ့ပြီး ယခုအချိန်အထိ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခြင်းမရှိသေးဟု ပြောကြားခဲ့သည်။
ခရုဇ်ဒုံးကျည်များဖြင့် အီရတ်မှ အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးသတင်းရင်းမြစ်များက ABC သတင်းဌာနသို့ ပြောကြားခဲ့ကာ အမေရိကန် သည် အီရတ်နှင့် ဆီးရီးယားရှိ မောင်းသူမဲ့လေယာဉ်များကို ကြားဖြတ်ဟန့်တားနေသည်ဟု Al-Arabiyaက ဖော်ပြထားသည်။
ဟစ်ဇ်ဘိုလာက စနေနေ့ညတွင် လက်ဘနွန်မှ Katyusha ဒုံးကျည် ဒါဇင်နှင့်ချီ၍ ဂိုလန်ကုန်းမြင့်များဆီသို့ ပစ်ခတ်ခဲ့ပြီး Snir တွင် အချက်ပေးဥဩသံများ တိတ်ဆိတ်သွားခဲ့သည်ဟု ဟစ်ဇ်ဘိုလာကပြောကြားခဲ့ကြောင်း သိရသည်။
အီရန်သည် ရာနှင့်ချီသော မောင်းသူမဲ့လေယာဉ်များကို လွှတ်တင်ခဲ့သည်ဟု IDF က အတည်ပြုခဲ့ပြီး အစောပိုင်းတွင် ကာကွယ်ရေးသတင်းရင်းမြစ်များမှ ရာနှင့်ချီသော ပစ်ခတ်မှု ခံခဲ့ရသည်ဟု ဂျေရုဆလင်ပို့စ် သို့ ပြောကြားခဲ့သည်။ IDF သတင်းရင်းမြစ်များအရ စစ်ဆင်ရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ် အခြေခံ ၍ ဆီးရီးယားလေပိုင်နက်အတွင်း ဒရုန်းများကို ပစ်ချသည့် သတင်းများအတည်မပြုသလို ငြင်းဆိုမည်မဟုတ်ကြောင်း လေကြောင်းရန်ကာကွယ်ရေးစနစ်သည် အနှောင့်အယှက် မရှိ ဒရုန်းများကို ပစ်ချရန် အသင့်ဖြစ်နေပြီဟု IDF က ပြောကြားကာ အစ္စရေးတိုက်လေယာဉ်အားသည် ဒုံးကျည်များကို ယမန်နေ့ ည ၁၂ နာရီတွင် စတင်ပစ်ချခဲ့သည်ဟု ဆိုသည်။
IDF ၏ ပစ်ချကာကွယ်နိုင်မှု၌ လေယာဉ်၊ Iron Dome၊ David’s Sling နှင့် Arrow ဒုံးကျည်စနစ်များ ပါဝင်သည့်အပြင် IDF သည် တိုက်ခိုက်နေသော ဒရုန်းအမျိုးအစားအချို့ကို ပိတ်ရန် GPS စနစ်ကို ပြောင်းလဲ ဆော့ကစားနိုင်ကြောင်း၊ မောင်းသူမဲ့လေယာဉ်များ ပစ်လွှတ် လိုက်သည့် ယခုအချိန်တွင် အီရန်အပေါ် ကြို တင် တိုက်ခိုက်မှုကို လူသိရှင်ကြားလုပ်ဆောင်ရန် IDF မှ ငြင်းဆိုခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က “အစ္စရေးအစိုးရအနေနဲ့ နောက်ထပ်အမှားတစ်ခု ထပ်လုပ်မိရင် အီရန်ရဲ့တုံ့ ပြန်မှုက သိသိသာ သာ ပိုပြင်းထန်လာလိမ့်မယ်။ ဒါဟာ အီရန်နဲ့ မိုက်မဲတဲ့ အစ္စရေးအစိုးရတို့အကြားက ပဋိပက္ခဖြစ်ပြီး၊ အမေရိကန်အနေနဲ့ အဝေးမှာပဲနေသင့်တယ်။” ဟု ပြောဆိုခဲ့ကြောင်း သိရပါသည်။
အစ္စရေးလေကြောင်းပိုင်နက်ကို ဒေသစံတော်ချိန် ညသန်းခေါင်ကျော် နာရီဝက်( ည ၁၂:၃၀)မှ စတင် ပိတ်မည်ဟု အစ္စရေးလေဆိပ် အာဏာပိုင်များက ကြေညာခဲ့သည်။ အခြေအနေကို ခြေရာခံအကဲ ဖြတ်၍ နောက်ထပ် လုပ်ဆောင်မှုများအတွက်အတည်ပြုရန် အစ္စရေး စစ်ပွဲကာလအစိုးရ ဝန်ကြီး အဖွဲ့သည် စနေနေ့ညက တွေ့ဆုံခဲ့ကြသည်။ IDF ၏ Home Front Command မှ ဌာနချုပ်မှူး Rafi Milo မှ အစ္စရေးလူထုအား “ဆက်လက်သတိရှိရန်နှင့် ညွှန် ကြားချက်များကို နားထောင်ရန်၊ ၎င်းတို့သည် အခြေ အနေ အကဲဖြတ်ချက်များ အပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။” ဟု ထုတ်ပြန်ခဲ့ကာ “ယနေ့အထိအားလုံးရဲ့အမူအကျင့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုဟာ ခြွင်းချက်မရှိ ကောင်းမွန်၍ အဲဒါကို ဆက်လက် ထိန်းသိမ်ထားဖို့နှင့် ဒါဟာအသက်တွေကို ကယ်တင်နိုင်မှာပါ” ဟု Milo မှ ပြောကြားခဲ့သည်။ “တိုင်းပြည်အနှံ့ တပ်ဖြန့်ပြီး ပြင်ဆင်လျှက် ရှိပါတယ်။ မိမိတို့သည် စစ်မျက်နှာစာများစွာမှာ ၆ လကျော်ကြာ စစ်ပွဲဆင်နွှဲခဲ့ကြပြီး စစ်ပွဲတစ်လျှောက်လုံးမှာ ခြိမ်းခြောက်မှုအမျိုးမျိုး၊ စိန်ခေါ်မှုများစွာဖြင့် ပခုံးနှစ်ဖက်ကို ပွတ် တိုက်ရုန်းကန်၍ သင်ယူလေ့လာကာ တိုးတက်ကောင်းမွန်လာခဲ့ပြီး ခုခံကာကွယ်ရေးနှင့် တိုက် ခိုက်နိုင်မှု နှစ်ခုစလုံးကို သန်မာကြံ့ခိုင်စွာဖြင့် ပြင်ဆင်ပြီး ဖြစ်တယ်။” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေကို သတိ ထားဖို့နှင့် ဆေးဘက်ဆိုင်ရာဌာနများတွင် ဝန်ထမ်းများကို တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် တိုးမြှင့်ချထားကာ ကျန်းမာရေးဝန်ထမ်းများအတွက် အားလပ်ရက်များကို ဖျက်သိမ်းခဲ့သည်။ အီရန်၏ တိုက်ခိုက်မှု စတင်ပြီးနောက် မကြာမီ အီရတ် အာဏာပိုင်များက အီရတ်လေပိုင်နက်ကို ပိတ်ထားလိုက်ကြောင်း ကြေညာခဲ့သလို လက်ဘနွန်နှင့် ဂျော်ဒန်တို့က ၎င်းတို့၏ လေပိုင်နက်ကို စနေနေ့ညတွင် ပိတ်လိုက်ကြောင်း ကြေညာခဲ့ကြသည်။ အီရတ်နိုင်ငံ Sulaymaniya ပြည်နယ်ကို အီရန် လမ်းကြောင်းကနေ ဖြတ်ကျော် ပျံသန်း လာသည့် မောင်းသူမဲ့လေယာဉ် အများအပြားကို မြင်တွေ့ခဲ့ရသည်ဟု လုံခြုံရေး သတင်းရင်းမြစ်သုံးခုက စနေနေ့ညတွင် ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ ညနှောင်းပိုင်းတွင် အီရတ်နှင့် ဂျော်ဒန်ရှိ အခြားနေရာများတွင် ဒရုန်းများနှင့် ဒုံးကျည်များ ထပ်မံတွေ့ရှိခဲ့ရကာ “ဒါဇင်နဲ့ချီတဲ့ ဒရုန်းတွေဟာ အီရန်ကနေ အီရတ်လေပိုင်နက်ကိုဖြတ်ပြီး အစ္စရေးကို ဦးတည်ပျံသန်း လာတာကို တွေ့ခဲ့ရပါတယ်” ဟု အီရတ်လုံခြုံရေးသတင်းရင်း မြစ်နှစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
လက်ရှိအခြေအနေ၌ IDF မှ တစ်နိုင်ငံလုံး တပ်
ဖြန့်ချထားကာ လေကြောင်းရန်ကာကွယ်ရေး တပ်များက မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများ အသုံးပြု စောင့်ကြည့်နေကာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း စနေနေ့ည ၁၁:၄၅ ချိန်တွင် ပြည်ပသံတမန်များကို တိုးမြင့်လာသည့် အခြေ အနေများအရ နာရီပိုင်းအတွင်း တိုက်ခိုက်မှုများ ဖြစ်လာနိုင်၍ Shelterနှင့် Safe room များ၌ နေထိုင်ကြရန် အထူး သတိပေးထားခဲ့ကြောင်း သိရသည်။ ထူးခြားမှု ရှိသည်နှင့် အမြန်ဆုံးသတင်း ဖြန့်ဝေပေးမည် ဖြစ်ကြောင်း WhatsApp group မှ အသိပေးထားခဲ့ပြီး ယနေ့ နံနံက်ပိုင်းတွင် အစ္စရေးအပြင်၊ အီရန်၊ အီရတ်၊ လက်ဘနွန်နှင့် ဂျော်ဒန်လေကြောင်းပိုင်နက်များ ပြန်လည် ဖွင့်လှစ်ခဲ့ကာ လေဆိပ်များလည်း ပြန်လည်ဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။
#PAN