နန်စီပွန်ဒေသမှ ဒေသခံကျေးရွာသာများနှင့်ရေမဆေးကျောက်ရှာဖွေသူများအား KIA /PDF မှ ဖမ်းဆီးသွား

(ပြည်တွင်း) ဧပြီ ၁၂

KIA/PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများက ခန္တီး၊ နန်စီပွန်ဒေသမှ ဒေသခံကျေးရွာသား ၂ ဦးနှင့်ရွှေ့ပြောင်းလာရောက်အလုပ်လုပ်နေသူ အမျိုးသား ၁၆ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။


၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက် နံနက် ၂ နာရီတွင် KIA/PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့မှ အင်အား၁၀ ဦး သည် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ အထက်ဆိပ်ကျေးရွာသို့ ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ကျေးရွာနေ ဒေသခံရွာသား ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား၁၆ ဦးကို ၎င်းတို့ နေထိုင်သည့် နေအိမ်နှင့် တဲများအတွင်း လိုက်လံဖမ်းဆီးပြီး မနက် ၄ နာရီတွင်ဖားကန့်မြို့နယ်၊ တာမခံကျေးရွာဘက်ကို ခေါ်ဆောင်သွားကြောင်းသိရသည်။

“ဒီကောင်တွေ မနက် ၂ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ရောက်လာတာ၊ ပြီးတော့ ရွာထဲမှာတစ်အိမ်တက် တစ်အိမ်ဆင်း လိုက်နှိုးပြီး အတင်းတံခါးဖွင့်၊ ရှိတဲ့သူကို ဆွဲခေါ်တာ၊ ကျွန်တော်လည်းဘာမှန်းမသိလို့ အိမ်အောက်မှာဆင်းပုန်းနေလို့ လွတ်သွားတာ၊ အမျိုးသမီးတွေတော့ခေါ်တာမတွေ့ဘူး၊ ဘာလို့လဲလို့မေးတဲ့သူတွေနဲ့ နည်းနည်းကလန်ကဆန် လုပ်တဲ့သူတွေကိုဆဲဆိုပြီး ရိုက်နှက်သေးတာ၊ အရိုက်ခံရတဲ့ထဲက ၃ ယောက်လောက်ကို ဝိုင်းပြီး ဆေးထည့်ပေးလိုက်ရသေးတယ်” လို့ ဒေသခံကျေးရွာသား ဦးစိုးထွန်းက ပြောသည်။

“ကျွန်မအိမ်လည်း အတင်းနှိုးပြီး တံခါးဖွင့်ခိုင်းလို့ အိမ်ကအမျိုးသားက ဖွင့်ပေးလိုက်တာ တစ်ခါတည်း ဖမ်းခေါ်သွားတော့တာပဲ၊ ညဘက်ကြီးဆိုတော့ မဲမှောင်နေပြီး ဘာမှန်းကို မသိလိုက်ပါဘူး၊ တစ်ရွာလုံးလည်း ဆူညံပလောရိုက်သွားတာပဲ။ အချို့ က ဘာလုပ်ဖို့လဲလို့မေးလို့လျှာမရှည်နဲ့၊ စစ်စရာရှိလို့ ပြောတာပါပဲ၊ ရွာအစွန်ဘက်က ပုန်းတဲ့သူတွေတော့ လွတ်သွားတယ်ကြားတယ်၊ သူတို့ကို မနက် ၄ နာရီလောက်ကြတော့ လက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတာတွေ့လိုက်ရတယ်။ မနက်ကျမှ အားလုံး ၁၈ ယောက်လောက်ပါသွားတယ်လို့သိရတယ်” လို့ ပြောပါသည်။

KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များအနေဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသများရှိ ကျေးရွာများတွင် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို ပြုလုပ်နေခြင်းကြောင့် ဒေသခံလူထုမှာ အကြောက်တရားဖြင့် နေထိုင်နေကြရကြောင်းသိရသည်