KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

(ပြည်တွင်း) ဧပြီ ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် သင်ရိုးညွှန်းတမ်းကို ရေးဆွဲမည်ဖြစ်ပြီး ယင်း KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီက ဒုတိယနေ့အဖြစ် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာဆွေးနွေးမှုများ၊ ညှိနှိုင်းဆောင်ရွက်မှုများဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် Credit စနစ်များ၊ အရည်အသွေးအာမခံမှုစနစ်များနှင့်အညီ ရေးဆွဲရန်လိုအပ်သကဲ့သို့ ကျောင်းသား ကျောင်းသူများ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်မှုကို အဓိကထားရေးဆွဲစေလိုပြီး အတတ်ပညာနှင့် အသိပညာတိုးတက်ရေးအတွက်သာမက စိတ်ဓာတ်ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်လာရန် လေ့ကျင့်သင်ကြားပေးရမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်မှ ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက Student Information Management System ဆိုင်ရာကိစ္စရပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ အထူးပြုဘာသာရပ်များအလိုက် အုပ်စုဖွဲ့ဆွေးနွေးထားရှိမှု၊ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်သော သင်ရိုးညွှန်းတမ်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများကလည်း ဆွေးနွေးကြသည်ဟု သိရသည်။

#PAN