သထုံတွင် ကျောက်ရထားထပ်မံမိုင်းဆွဲခံရ

(ပြည်တွင်း) ဧပြီ ၁၀

ကျောက်တင်လာသည့် အတွဲ ၂၀ တွဲပါ ကျောက်တင်ရထားတစ်စင်းကို အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာဘက်မှ စက်ခေါင်းမောင်း ဦးခင်ဇော်၊ အကူစက်ခေါင်းမောင်း ဦးသိန်းနိုင်ထွန်းတို့ မောင်းနှင်လာသော အတွဲ(၂၀)ပါ ကျောက်တင်ရထားအား သထုံမြို့နယ်၊ တံတားဦးကျေးရွာ၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား သိမ်ဆိပ်ဘူတာအထွက်တွင်  အကြမ်းဖက်အဖွဲ့မှ  မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထောင်ဖောက်ခွဲခံရသည့် ကျောက်တင်ရထား၏ မိုင်းခံတွဲ(၁)တွဲ၊ စက်ခေါင်းတွဲ(၁)တွဲ၊ နားနေတွဲ(၁)တွဲ၊ ကျောက်တွဲ(၁)တွဲတို့ လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် ကျောက်တင်ရထားများအား အကြမ်းဖက်သောင်းကျန်းသူများမှ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခဲ့သကဲ့သို့ ရထားသံလမ်းများအား မိုင်းထောင်မိုင်းခွဲခြင်းများလည်း မကြာခဏပြုလုပ်နေကြောင်း သိရသည်။