တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

(ပြည်တွင်း) ဧပြီ ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ကြမ်းပစ္စည်း Golda Shortening ကီလိုဂရမ် ၆၀၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၂၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Ceramic Tiles ၂၈၀၈ စတုရန်းမီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၄၃၂၄၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဧပြီ ၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ပမ္မတီးမြစ်ဆိပ်ကမ်းစက်လှေဆိပ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၅၀၈၀၊ ဓာတ်ဆီဂါလန် ၂၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၆၉၆၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် အင်ဂျင်ပါစက်လှေ နှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးအနီး၌ လိုင်စင်မဲ့ Nissan AD Van ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၆၉၆၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Lancruiser Prado တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀၀) နှင့် တရုတ်နိုင်ငံထုတ် Superir Soy တံဆိပ်ပါ ပဲငံပြာရည်ဖာ ၁၁၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၂၄၀၀၀)ကို လည်းကောင်း၊ ရွှေဘိုမြို့ မြောင်းကြီးကျေးရွာအနီး၌ လိုင်စင်မဲ့ Ford Everest ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၃၂၄၀၀၀ ကို သိမ်းဆည်းရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။


ထို့ပြင် ဧပြီ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၆ ဒသမ ၁၈၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅၂၂၁၂)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆီသယ်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၃၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Hyundai KMFPA Bowser တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီ ၆ ရက်နှင့် ၈ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၇၃၅၄၆၁၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN