ဧပြီ ၁၀
ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်သည် UFC- 302 ပွဲစဉ်တွင် ဘရာဇီးနိုင်ငံသားဖိုက်တာ Lucas Rocha နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ဘက်ဘက်မှ ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံသား Sumudaerji နှင့် ပွဲတည်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
၄င်းတို့နှစ်ဉီးလာမည့် ဇွန်လ(၁)ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံသား ဖိုက်တာ sumudaerji သည် အသက် (၂၈) နှစ်အရွယ်ဖြစ်ပြီး အရပ် (၅)ပေ (၈)လက်မ ခန့်ရှိကာ MMA ပွဲပေါင်း (၂၂) ပွဲထိုးသတ်ထားကာ(၁၆) ပွဲနိုင် (၆)ပွဲရှုံးထားပြီး၊ UFC တွင် (၆) ပွဲထိုး(၃) ပွဲနိုင် (၃) ပွဲရှုံးထားသူတစ်ဦးလည်းဖြစ်ပါတယ်။
အသက် (၂၃) နှစ်အရွယ် ဂျော့ရှူဝါဗန် သည် ၂၀၂၃ ဇွန်လက UFC မှာ ပထမဉီးဆုံး ယှဉ်ပြိုင်ထိုးသတ် အနိုင်ရထားသော မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားအဖြစ် မှတ်တမ်းဝင်ထားသူတစ်ဦးဖြစ်ပါတယ်။
၂၀၂၄ ဇန်နဝါရီ (၁၄) ရက် UFC Fight Night 234 ပြိုင်ပွဲမှာ ပြိုင်ဘက် ဘရာဇီးနိုင်ငံသား Felipe Bunes ကို ဒုတိယအချီ၌ပင် အနိုင်ယူပြခဲ့ပြီး (၃) ပွဲထိုး၊ (၃) ပွဲအနိုင်ရထားသည့် စံချိန်ကောင်းကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။