လက်ကျန်ပွဲစဉ်ခြောက်ပွဲတွင် တစ်ပွဲအနိုင်ရရှိပါက ဂျာမန်ဘွန်ဒက်စ်လီဂါဆုဖလားကို ရရှိသွားမယ့် လေဗာကူဆင်

ဧပြီ ၈

ယခုဘောလုံးရာသီတွင် နည်းပြအလွန်ဆို၏ ဦးဆောင်မှုနှင့်အတူ ပုံစံကောင်းများ ဆက်တိုက်ပြသနေသည့် လေဗာကူဆင်အသင်းသည် လက်ကျန်ပွဲစဉ် ခြောက်ပွဲတွင် တစ်ပွဲအနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဂျာမန်ဘွန်ဒက်စ်လီဂါဆုဖလားကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၂၈) အဖြစ် ကစားခဲ့သည့်ပွဲစဉ်တွင် လေဗာကူဆင်အသင်းသည် ယူနီယံ ဘာလင်အသင်းကို ၁ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း အမှတ်ပေးဇယားအဆင့် (၂) နေရာမှ ဘိုင်ယန် မြူးနစ်အသင်းသည် ဟီဒန်ဟိမ်းအသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လေဗာကူဆင်အသင်း သည် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ၂၈ ပွဲကစားပြီးချိန် တွင် ရမှတ် ၇၆ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး အဆင့်(၂) နေရာမှ ဘိုင်ယန်မြူးနစ်အသင်းကို ရမှတ် ၁၆ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၂၈) ပြီးဆုံးပြီးနောက် လက်ကျန်ပွဲကစားရန်မှာ ခြောက်ပွဲသာ လိုအပ်တော့သည့်အတွက် လေဗာကူဆင်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၁၆ မှတ် ဖြတ်တောက်ထားနိုင်ပြီး လက်ကျန်ခြောက်ပွဲတွင် တစ်ပွဲအနိုင် ရရှိမည်ဆိုပါက အသင်းသမိုင်းတစ် လျှောက် ပထမဆုံးအကြိမ် ဂျာမန်ဘွန်ဒက်စ်လီဂါ ဆုဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်ပါတယ်။

လေဗာကူဆင် အသင်းသည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ၌ တစ်ပွဲမှ ရှုံးနိမ့်ထားခြင်း မရှိသေးဘဲ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် ၂၈ ပွဲကစားထားပြီး ၂၄ ပွဲနိုင် လေးပွဲသရေ၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ် အဆင့်တက်ရောက်ထားကာလာမည့် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၂၉)အဖြစ် ကစားမည့် ဝါဒါဘရီမင်အသင်းနှင့် ပွဲစဉ်တွင် အနိုင်ရရှိပါက ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။