ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁) ကို တစ်နိုင်ငံလုံးတွင် တစ်ပြိုက်နက်တည်းဖွင့်လှစ်

(ပြည်တွင်း) ဧပြီ ၈

 ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ မတ် ၉ ရက်မှစ၍  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန်အတွက်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်များအနေဖြင့် မိမိသဘောဆန္ဒအလျောက်စာရင်းပေးသွင်းလာခဲ့ကြကြောင်း သိရသည်။ 

ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန် အတွက် မိမိသဘောဆန္ဒအလျောက်စာရင်း ပေးသွင်းလာကြသူများအနက် သင်တန်း တက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအားစုဖွဲ့၍ ယနေ့နံနက်ပိုင်းတွင် သက် ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် သင်တန်းဖွင့်ပွဲများပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ကြကာ သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသားများ အတွက် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ် စဉ်(၁)တွင် တက်ရောက်ကြမည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်း ဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှု ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ရခြင်းဖြစ်သည်။

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများ အနေဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသူများဖြစ်ကြပြီး နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံ့တာဝန်များကို လေးစားဂုဏ်ယူစွာဖြင့် ထမ်းဆောင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။

#PAN