ကျောက်တံခါးမြို့နယ်ရှိ လယ်ယာမြေအတွင်း အကြမ်းဖက် KNU/PDF အဖွဲ့မှ မိုင်းထောင်ခဲ့သဖြင့်အပြစ်မဲ့ ပြည်သူတစ်ဦးထိခိုက်


ဧပြီ ၈

ယနေ့ မွန်းလွှဲ ၃ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (ခ)အောင်မြင်မြို့ ၊ သံမဏီရပ်ကွက်တွင် နေထိုင်သူ ကိုကျော်မိုးနိုင်၊ ၅၆ နှစ်၊ လယ်ယာလုပ်ကိုင်သူသည် ၎င်းပိုင်ဆိုင်သော လယ်ကွက်ရှိရာ အောင်သိဒ္ဓိကျေးရွာအနီးရှိ လယ်ကွက်အတွင်းသို့ လယ်ယာလုပ်ငန်းခွင် ပဲမှော်များအား မီးရှို့ရန် လှည်းလမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်သွားခဲ့စဉ် လယ်ကွက်အတွင်းသို့အရောက်တွင် အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့ KNU/PDF အကြမ်းဖက်သမားများ ထောင်ထားသော နင်းမိုင်းတစ်လုံးမှာ ထပေါက်ခဲ့ရာ ကိုကျော်မိုးနိုင် မောင်းနှင်လာသော ဆိုင်ကယ်၏ အနောက်အား မိုင်းစများထိမှန်ခဲ့၍ ဆိုင်ကယ်မှာမှောက်သွားခဲ့ပြီး ကိုကျော်မိုးနိုင်တွင် ဘယ်ပေါင်တွင်မိုင်းစထိ မှန်ပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်ကောက်ဝတ် မိုင်းစမှန် ပွန်းပဲဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ်မှာ ပျက်ဆီးသွားခဲ့ရသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူအား ဆေးရုံသို့ တင်ပို့ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ မြို့နယ်များတွင် လူသတ်ခြင်း ၊ ဆတ်ကြေးကောက်ခံခြင်း ၊ ပြန်ပေးဆွဲခြင်း ၊ အများ ပြည်သူသုံး လမ်း၊ တံတား၊ မီးရထားလမ်းများအား ဖျက်ဆီးခြင်း၊ ရုံး၊ နေအိမ်၊ လယ်ယာမြေများအတွင်း မိုင်းထောင်ခြင်း ကျောက်ကြီးမြို့နယ် မုန်းမြို့ရှိစျေး နှင့် ပဲနွယ်ကုန်းစျေးအား မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ကလဲ သူဋ္ဌေးကုန်းကျေးရွာရှိ ဟိန္ဒူဘာသာဝင်တစ်ဦးပိုင်ဆိုင် လယ်ယာမြေအတွင်း မိုင်းထောင် ဖောက်ခွဲသဖြင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ အပြင်းထန်ရရှိခဲ့ကြောင်း သိရှိရသည် ။

PAN