အစ္စရေးက ဂါဇာတွင် AI နည်းပညာ အသုံးပြုဗုံးကြဲမှုအပေါ် ကုလသမဂ္ဂစိုးရိမ်


(နိုင်ငံတကာ) ဧပြီ ၇

အစ္စရေးက ဂါဇာတွင် AI နည်းပညာ အသုံးပြုဗုံးကြဲမှုအပေါ် ကုလသမဂ္ဂစိုးရိမ်


(နိုင်ငံတကာ) ဧပြီ ၇

အစ္စရေးဘက်က ဂါဇာအပေါ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများလုပ်ရာတွင် AI နည်းပညာကို အသုံးပြု လာခြင်းနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက် က ပြောသည်။

အစ္စရေးစစ်ဘက်အနေဖြင့် သံသယရှိသော ပါလက်စတိုင်းစစ်သွေးကြွများကို လုပ်ကြံနိုင်ရေးသတ်မှတ်ရန် AI နည်းပညာကို အသုံးပြုသည်ဟု အစ္စရေး ထောက်လှမ်းရေး သတင်းအရင်းအမြစ်များကိုကိုးကား၍ မဂ္ဂဇင်းတစ်စောင် က ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြထားသည်။

ထိုကဲ့သို ပစ်မှတ်သတ်မှတ်မှု လုပ်ဆောင်ရာတွင် လူထူထပ်သောနေရာများလည်း ပါဝင်သောကြောင့် အရပ်သားထိခိုက်သေဆုံးမှု အလွန်များပြားရခြင်း ဖြစ်သည်ဟု ထိုမဂ္ဂဇင်းက ဆက်လက်ဖော်ပြထားသည်။

Lavender အမည်ရှိ AI စနစ်သည် ဂါဇာမြို့နေသူများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးခြင်း၊ ဟားမတ်စ်၊ ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ် အဖွဲ့တို့နှင့် ဆက်စပ်ပတ်သက်နေသည့် သံသယရှိသူများစာရင်းကို ပြုစုခြင်းတိုကို လုပ်ဆောင်သည်။

စက်တစ်လုံးက ဆုံးဖြတ်ပေးသည့် မည်သူကအသက်ရှင်ကျန်ရမည်၊ မည်သူက သေဆုံး ရမည်ဟူသည်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို လိုက်နာနေရခြင်း က စိုးရိမ်ရကြောင်း၊ AI ကို စစ်လက်နက် ပစ္စည်းတစ်ရပ်အဖြစ် အသုံးပြုမှုနှင့်သက်ဆိုင်သော အန္တရာယ်များကို သတိပေးထားပြီးဖြစ်ကြောင်း၊ စစ်ပွဲအတွက် မဟုတ်ဘဲ ကမ္ဘာကြီးအကျိုးရှိစေမည့် အရာများအတွက်သာ AI ကို အသုံးပြုသင့်ကြောင်း အန်တိုနီယို ဂူတားရက် က ပြောသည်။

ဟားမတ်စ်တို့အနေဖြင့် အရပ်သားများကို ဒိုင်းကာတစ်ခုသဖွယ်အသုံးပြုပြီး စစ်ဆင်ရေးများကို ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ စစ်ဘက်တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရန် ညွှန်ကြားထားကြောင်း၊ သို့သော် လူဦးရေထူထပ်သည့်နေရာ ဖြစ်နေသောကြောင့် အရပ်သားသေဆုံးမှု များ ရှိလာရခြင်း ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ထားသည်။

PAN