ASEAN Payment Connectivity နှင့် ဆက်စပ်နေသည့် နိုင်ငံတော်အဆင့် Project ဖြစ်သည့် MMQR (Digital Payment Switch ) ကိုရေးဆွဲနေ

(ပြည်တွင်း) ဧပြီ ၂

MMQR (Digital Payment Switch Project) အတွက် SIT/UAT စမ်းသပ်ဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်ပြီး အဖွဲ့ဝင်များက အတည်ပြုပြီး ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးစီးအောင် မဖြစ်မနေကြိုးပမ်း အားထုတ်ဆောင်ရွက်ကြရန်နှင့် ယခု Project မှာ ASEAN Payment Connectivity နှင့်ဆက်စပ်နေသည့်အတွက် နိုင်ငံတော်အဆင့် Project ဖြစ်သည်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲတွင်  ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပသည့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် MMQR (Digital Payment Switch) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး MMQR (Digital Payment Switch) အကောင်အထည်ဖော်ခြင်းနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ဘဏ်များမှ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် Payplus Co.,Ltd ၊ BPC Ltd နှင့် Adaman Capital Partners Co.,Ltd တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် MMQR (Digital Payment Switch) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ Project တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် Payplus Co.,Ltd ၊ BPC Ltd နှင့် Adaman Capital Partners Co., Ltd တို့မှ တာဝန်ရှိသူများအနေဖြင့် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်မှသာ ဗဟိုဘဏ်မှချမှတ်ထားသည့် စီမံကိန်းကိုသတ်မှတ်ထားသည့်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ Application နှင့် Software Testing ပိုင်းဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသည့် BPC Ltd နှင့် Adaman Capital Partners Co.,Ltd တို့အနေဖြင့်လည်း သတ်မှတ်ချိန် (Timeline) အပေါ် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အလိုက် ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တိကျမှန်ကန်စွာတင်ပြရန်လိုအပ်ပြီး စီမံကိန်းတွင်ပါဝင်သည့် အဖွဲ့ဝင်များကလည်း အချင်းချင်းတညီတညွတ်တည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ Payplus Co.,Ltd အနေဖြင့်လည်းကောင်း၊ နည်းပညာအဖွဲ့ဝင်များအနေဖြင့်လည်းကောင်း၊ ချိတ်ဆက်ပါဝင်ဆောင်ရွက်ကြမည့် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့်လည်းကောင်း MMQR (Digital Payment Switch) နှင့် ချိတ်ဆက်နိုင်ရေးအတွက် ပါဝင်‌ဆောင်ရွက်ရာ၌ ကြုံတွေ့နေရသည့် အခက်အခဲနှင့် အခြေအနေကိုတင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် Payplus Co.,Ltd က Application အချင်းချင်း အပြန်အလှန် ပေးချေမှုများကို Transaction အမျိုးအစားအလိုက် End to End Demonstration ပြသပြီး ဥက္ကဋ္ဌ၏ မှာကြားချက်အတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန်အတွက် သင်္ကြန်ပိတ်ရက်များအပါအဝင် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ လူအင်အားနှင့် အရင်းအမြစ်များ (Resource) ထည့်သွင်း၍‌ ဆောင်ရွက်နေပါကြောင်း၊ Develop ပြုလုပ်ရမည့်အပိုင်းများရှိသည့်အတွက် စီမံကိန်းပြီးဆုံးမည့် ကာလကို ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ သတ်မှတ်ပေးရန် လိုပါကြောင်း၊ ယင်းကာလအတွင်း MMQR ဖြင့် ပေးချေမှုများကို အချင်းချင်း အပြန်အလှန်ချိတ်ဆက် နိုင်ရေးအတွက် Offline /Online Testing ၊ Production နှင့် Network ပိုင်းဆိုင်ရာ၊ Cyber Security ပိုင်းဆိုင်ရာများ၊ Third Party Certification လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့ကြကြောင်း သိရသည်။

#PAN