ရွှေဘိုနှင့်နတ်မောက်မြို့နယ်မှ ကျောင်းထိုင် ဆရာတော် ၂ ပါးအား PDF အကြမ်းဖက်များက သတ်ဖြတ်ခဲ့

(ပြည်တွင်း) ဧပြီ  ၂

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲမသမာမှုများ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိရာ မတ်လ ၂၈ ရက် နံနက် ၈ နာရီ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ သီတင်းသုံး နေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥက္ကဌ သက်တော်(၄၇) နှစ်၊ ဝါတော်(၂၅)ဝါ အား PDF အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥက္ကဌ သက်တော်(၄၇) နှစ်၊ ဝါတော်(၂၅)ဝါ အား PDF အကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲကာ ဓါးဖြင့် ရက်စက်စွာ ထိုးခုတ် သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာအနီးရှိ မှန်ခြေရင်းတောင်တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံး နေထိုင်သည့် ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်တော်(၅၅)နှစ်၊ ဝါတော်(၁၀)ဝါအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြင်းတဲကြီးကျေးရွာအနီး လမ်းပေါ်၌ တပ်မတော်ယူနီဖောင်းအင်္ကျီနှင့် ရဲတပ်ဖွဲ့ယူနီဖောင်း ဘောင်းဘီတို့အား ဝတ်ဆင် စေကာ ဦးခေါင်းအား သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

ပြည်သူများ၏ ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာများကို အကြောင်း အမျိုးမျိုးပြစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် PDF  အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်လျက်ရှိ သိရသည်။

#PAN