(ပြည်တွင်း)မတ်၃၀
EPS စာမေးပွဲဖြေရန် စာရင်းပေးသွင်းသူ တစ်သိန်းကျော်အထိရှိ
(ပြည်တွင်း)မတ်၃၀
ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် အခုနှစ်မှာကျင်းပမယ့် (၁၆)ကြိမ်မြောက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK)ဖြေဆိုဖို့ စာရင်းပေးသွင်းသူအရေအတွက်ဟာ တစ်သိန်းကျော်အထိ ရှိတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကနေ သိရပါတယ်။
အရင်နှစ်တွေက တစ်နှစ်ကို သုံးသောင်းကျော်လောက်ပဲ ဝင်ရောက်ဖြေဆိုခဲ့ကြတာဖြစ်ပြီး အခုနှစ်မှာတော့ စံချိန်တင်အနေနဲ့ လူဦးရေ တစ်သိန်းကျော်အထိ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဝင်ရောက် ဖြေဆိုမယ့်သူ ပိုများလာတဲ့အတွက် အမှတ်ဖြတ်တာတွေကလည်း အရင်နှစ်တွေကထက် ပိုမြင့်လာတယ်လို့ POEA ကနေ သိရပါတယ်။
စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းတာကို မတ်လ ၁၉ ရက်က စတင်လက်ခံဆောင်ရွက်ပေးနေပြီး တစ်ရက်ကို လူဦးရေ ၆,၅၀၀ လက်ခံ ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။
စာမေးပွဲမှတ်ပုံတင်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေနဲ့လည်း သတ်မှတ်လဲလှယ်နှုန်းထားအတိုင်း ပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။
စာမေးပွဲကို ဧပြီလ ၂၄ ရက်ကနေ မေလ ၁၀ ရက်အထိ တစ်ကြိမ်၊ မေလ ၂၀ ရက်ကနေ ဇူလိုင်လ၂၆ ရက်အထိ တစ်ကြိမ် နှစ်သုတ်ခွဲကျင်းပမှာဖြစ်ပြီး အောင်စာရင်းတွေကိုတော့ မေလ ၁၇ ရက်ကနေ ဩဂုတ်လ ၅ ရက်အတွင်း ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
အခုနှစ်မှာတော့ ကိုရီးယားနိုင်ငံက ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေအပြင် အမျိုးသမီးတွေပါ လုပ်ကိုင်ခွင့် ရမယ့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ကိုပါ ခေါ်ယူထားပြီး စုစုပေါင်းလုပ်သား ၁၁,၀၀၀ လောက် စေလွှတ်သွားဖိုရှိတယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။