“သီရိလင်္ကာအစိုးရက အလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာကို ၄၀ ရာခိုင်နှုန်းမြှင့်တင်ပေးရန် သဘောတူ”


မတ်လ ၂၈

အလုပ်သမားများအတွက် သတ်မှတ်ပေးထားသည့် လက်ရှိအနည်းဆုံးလုပ်ခလစာကို ၄၀ ရာခိုင်နှုန်း မြှင့်တင်ပေးရန် သီရိလင်္ကာအစိုးရက သဘောတူထားကြောင်း ထုတ်ပြန်ခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် စီးပွားရေး အရ ပြန်လည်နာလန်ထူရန်ကြိုးစားနေရစဉ် လူနေမှုစရိတ်မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသော အလုပ်သမား များအတွက် အထောက်အကူပြုနိုင်ရန် အနည်းဆုံးလုပ်ခလစာ မြှင့်တင်ပေးရေးအတွက် သီရိလင်္ကာအစိုးရက သဘောတူခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားအရန်ငွေ စံချိန်တင်ကျဆင်းခဲ့ခြင်းကြောင့် သီရိလင်္ကာနိုင်ငံမှ နှစ် ၇၀ အတွင်း အဆိုးရွားဆုံးဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ သီရိလင်္ကာအလုပ်သမားများအတွက် သတ်မှတ် ထားသည့် အနိမ့်ဆုံးလုပ်ခလစာကို လက်ရှိရူပီး ၁၂,၅၀၀(အမေရိကန်ဒေါ်လာ ၄၂ ဒေါ်လာ)မှ ရူပီး ၁၇,၅၀၀ ထိ မြှင့်တင်ပေးရန် အစိုးရအဖွဲက သဘောတူထားကြောင်း သီရိလင်္ကာအစိုးရ ထိပ်တန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံရှိ လူဦးရေ ၂၀ ရာခိုင်နှုန်း၏ မိသားစုများမှာ ပျမ်းမျှလစဉ်ဝင်ငွေ ၁၇,၅၇၂ ရူပီးသာရှိသည်။ သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ၏ ဘဏ္ဍာရေးအကူအညီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံဖြင့် ဘဏ္ဍာရေးအကျပ်အတည်းမှ ပြန်လည်နာလန်ထူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews