“မဟာသင်္ကြန်နေရပ်ပြန် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံသို့ ပြန်ဝင်ပါက ပြည်ဝင်ကြေး ပေးစရာ မလိုဟုဆို”



မတ်လ ၂၈
မဟာသင်္ကြန်ပွဲအတွက် ပြည်တော်ပြန်ကြမည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများမှ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ ဧပြီလ ၁ ရက် ကနေ မေလ ၁၅ ရက်အကြား ထိုင်းနိုင်ငံသို့ ပြန်ဝင်ခဲ့ပါက ပြည်ဝင်ကြေး ကင်းလွတ်ခွင့်ပြုမှာဖြစ်တယ်လို့ အလုပ်သမားရေးရာဝန်ကြီး Phiphat Ratchakitprakarn က ပြောဆိုပါတယ်။ အဆိုပါနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် ကင်းလွတ်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြည်ပအလုပ်သမား ရေးရာ စီမံခန့်ခွဲရေး မူဝါဒကော်မတီက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
  ကင်းလွတ်ခွင့်ဟာ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ပြုတဲ့ Non L-A ဗီဇာလို့ လူသိများတဲ့ ပတ်စ်ပို့ သို့မဟုတ် ခရီးသွားစာရွက်စာတမ်းတွေ ကိုင်ဆောင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မှီခိုသူတွေ အပေါ်မှာလည်း အကျုံးဝင်တယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပြီး ထိုသူတွေရဲ့ နေထိုင်ခွင့်သက်တမ်းကတော့ မေလ ၁၅ ရက် မတိုင်ခင် ကုန်ဆုံးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
  ဒီအစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ၎င်းတို့ရဲ့ မှီခိုသူတွေဟာ ပြည်ဝင်ခွင့်လျှောက် ထားစရာ လိုမှာမဟုတ်ကြောင်းလည်း ဝန်ကြီးက ရှင်းလင်းပြောဆိုပါတယ်။ မေလ ၁၅ ရက်နောက်ပိုင်းမှ ထိုင်းကို ပြန်လိုသူတွေနဲ့ ထိုင်းနိုင်ငံကို ပြန်ဝင်ရမယ့်အချိန်ကာလကို မသိရသေးသူတွေကတော့ ပုံမှန်အတိုင်း ပြည်တော်ပြန်ဝင်ခွင့် လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
  ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာနရဲ့ ၂၀၂၃ ခုနှစ် အချက်အလက်တွေအရ ထိုင်းနိုင်ငံ အတွင်း အထောက် အထား စာရွက်စာတမ်းကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက် ၂ ဒသမ ၇ သန်းခန့်ရှိတယ်လို့ သိရပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက်နဲ့ ပတ်သက်လို့ ကိန်းဂဏန်း အချက်အလက် မရှိသေးပေမယ့် ၎င်းတို့ဟာလည်း တရားဝင်အလုပ်သမားအရေအတွက်ခန့်အထိ ရှိနေတယ် လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews

#PAN