“ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်တွင် ရှားပါးစာရင်းဝင်မြန်မာ့ရွှေသမင်များ မျိုးမသုဉ်းစေ ရန် ထိန်းသိမ်းစောင့်ရှောက်ထား”


မတ်လ ၂၃
   မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်တွင် ဌာနေဖွား ဒေသရင်း ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ရွှေသမင်များကို မျိုးဆက်မပြတ်စေရန် ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ကနေ သိရပါတယ်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ဧရိယာစတုရန်းမိုင် ၂၁၃ ဒသမ ၄ မိုင် ကျယ်ဝန်းပြီး၊ အပူပိုင်း ခြောက်သွေ့သော သန်းဒဟတ်တောများ၊မုန်းချောင်းနှင့် မန်းချောင်းရေဝေကုန်းတန်းများကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၄၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ရာတွင် ရွှေသမင်စားကျက်နေရာများလည်း ပါဝင် ခဲ့ကြောင်း သိရပါတယ်။
ရွှေစက်တော်ဘုရားပွဲတော်ရာသီနှင့် ပွင့်လင်းရာသီများရောက်ရှိပြီး မင်းဘူး (စကု)မြို့နယ်မှ အထင်ကရ နေရာများသို့ ဧည့်သည်များ လာရောက်လည်ပတ်တဲ့ အခါ ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ဒေသရင်းမျိုးစိတ် မြန်မာ့ရွှေသမင်များကိုလည်း လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဥယျာဉ်တွင် ၂၀၁၂ ခုနှစ်မှ စတင်၍ နေပြည်တော် ဆာဖာရီ ဥယျာဉ်နှင့် ပုဂံလောကနန္ဒာ ဥယျာဉ်တို့မှ ရွှေသမင် အထီး ၅ ကောင်၊ အမ ၇ ကောင်ဖြင့် စတင် မွေးမြူ ထိန်းသိမ်းခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ရွှေသမင် အထီး ၁၉ ကောင်၊ အမ ၃၅ ကောင်၊ စုစုပေါင်း ၅၄ ကောင်ကို အစာကျွေးခြင်း၊ ရေတိုက်ခြင်းနှင့် ဖြည့်စွက်စာများကို နေ့စဉ်ဝယ်ယူကျွေးမွေးပြီး ဂေါပကအဖွဲ့ဝင်များက အနီးကပ် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews