အက်သလက်တီကိုနဲ့ ဒေါ့မွန်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်

မတ် ၁၄

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေမှာ အက်သလက်တီကိုနဲ့ ဒေါ့မွန်အသင်းတို့ ကွာတားဖိုင်နယ်ကို အသီးသီးတက်ရောက်သွားပါတယ်။

အက်သလက်တီကိုအသင်းဟာ ပထမအကျော့တုန်းက အီတလီကလပ် အင်တာမီလန်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ဒီပိုင်းရဲ့ နောက်ကျဂိုးနဲ့ အတူ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲ ပြန်ယူနိုင်ခဲ့ပါတယ်။

နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီသရေကျနေလို့ အချိန်ပိုဆက်လက်ကစားခဲ့ရာမှာလည်း အရှုံး ၊ အနိုင်အဖြေမပေါ်တာကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ အက်သလက်တီကိုက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒေါ့မွန်နဲ့ ပီအက်စ်ဗွီတို့ပွဲစဉ်မှာလည်း ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေအားလုံးယှဉ်ပြိုင်ကစားအပြီးမှာ လက်ရှိချန်ပီယံ မန်စီးတီးအပါအဝင် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အာဆင်နယ် အသင်းတို့လည်း ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်ရေးဆွဲမှုကို မတ်လ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။