လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ စီစဉ်

မတ် ၇

မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ဟာ လာမယ့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း သိရပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၏ ပထမနှင့် ဒုတိယနေရာ၌ ရပ်တည်နေသော လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည ၁၀:၁၅ နာရီအချိန်တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်ရင်ဆိုင်ကြရမည်ဖြစ်၍ ယင်းပွဲအတွက် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းပရိသတ်များက ၂၀၁၈ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် ရောက်ရှိလာသည့် မန်စီးတီးအသင်း၏ ဘတ်စ်ကားကို အရာဝတ္ထုပစ္စည်းအချို့ဖြင့် ပစ်ပေါက်တိုက်ခိုက်မှုပြုလုပ်ခဲ့သလို၊ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အန်ဖီးလ်သို့ လာရောက်ကစားသည့် မန်ယူအသင်း၏ဘတ်စ်ကား တိုက်ခိုက်ခံရမှုများဖြစ်ခဲ့သောကြောင့် လုံခြုံရေးတိုးမြှင့်ရန်စီစဉ်နေခြင်းဖြစ်ပါတယ်။