ကျိုင်းတုံ စော်ဘွားဈေး(စျေးဟောင်း)နေ့ကို ပြည်တွင်းခရီးသွားများလာရောက်လည်ပတ်သဖြင့် အထူးစည်ကားခဲ့


ကျိုင်းတုံ – မတ် ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ရှမ်းတိုင်းရင်းသားများ၏ နှစ်တိုင်း စဉ်လာမပြတ် တစ်နှစ်လျှင်တစ်ရက်သာပြုလုပ်သည့် စော်ဘွားဈေး(စျေးဟောင်း) နေ့ကို ယနေ့ မတ်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ပါလျှံမြို့ရိုးတံခါးဟောင်း နေရာနင့်အနီး စော်ဘွားသချိုင်း(အုတ်ဂူဟောင်းရှေ့)၊ လွိုင်မွေလမ်း၊ ဈေးတန်းကြီးလမ်းနှင့် စျေးတန်းလေး လမ်းတစ်လျှောက်တို့တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် စော်ဘွားစျေးနေ့တွင် ဒေသခံရှမ်းဈေးသည်/စျေးရောင်းချသူများ ၊ လာရောက်လည်ပတ်သူများဖြင့် စည်းကားခဲ့ကြောင်း သိရသည်။

စော်ဘွားဈေးနေ့တွင် ဒေသထွက်သီးနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာအဝတ် အထည်များ၊ လူသုံးကုန်ပစ္စည်းများကို ရိုးရာမပြတ်ခင်းကျင်းရောင်းချခဲ့ကြပြီး ယခုကဲ့သို့ ရောင်းချမှုကို ဒေသခံမြို့နေ ရှမ်းတိုင်းရင်းသားများအပြင် ပြည်နယ်တွင်းရှိ အခြားမြို့မှရပ်ဝေးခရီးသွားများမှ တကူးတကလာရောက်ခဲ့ကြကာ စျေး၀ယ်ဈေးဝယ်သူများ၊ အမှတ်တရဓာတ်ပုံရိုက်ကူးကြသူများဖြင့် ယနေ့နံနက်ပိုင်းတွင် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ဈေးသို့လာ‌ ရောက်သူများက စော်ဘွားအဆက်ဆက် အရိုးအိုးများမြှပ်နှံရာ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ပူဇော်ပသသည့် ရိုးရာကို ယနေ့တိုင်လက်ဆင့်ကမ်းထိန်းသိမ်းသည့်အနေဖြင့် နှစ်စဉ်ပြုလုပ်လာခဲ့ကြောင်း သိရသည်။