တအောင်းလက်အောက်ကျရောက်နေသည့် မြို့ ၃ မြို့ကို နစက စစ်အုပ်ချုပ်ရေးကြေညာ

မတ် ၃


TNLA (တအောင်းပလောင်) လက်အောက်ကို ကျရောက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်သည်။

စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်အမှတ်အရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအား စစ်အုပ်ချုပ်ရေးကြေညာထားသည့် မန်တုံမြို့နယ်၊နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ပေးအပ်လိုက်ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၃ မြို့နယ်အတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့်သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကွပ်ကဲမှုအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နစက က စစ်အုပ်ချုပ်ရေးနယ်မြေ ကြေညာလိုက်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်များသည် TNLA လက်အောက်ကျရောက်နေခြင်းကြောင့် တပ်စခန်းနှင့် ရဲစခန်းများလက်လွှတ်ထားရသည့်အပြင် အရပ်ဖက်အုပ်ချုပ်ရေးရုံးများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများကိုပင်လျှင် TNLA မှ တပ်စွဲထိန်းချုပ်ထားသည်။

TNLA ထိန်းချုပ်ထားသည့် မြို့နယ် ၃ ခုအား စစ်အုပ်ချုပ်ရေးကြေညာသည်မှာ တပ်မတော်မှပြန်လည်တိုက်ယူမည် သို့မဟုတ် TNLA များမှ ငြိမ်းချမ်းရေးဆွေးနွေးချက်အရ ဆုတ်ခွာသွားရန်ရှိသည် စသဖြင့် ယင်းဒေသမှ ဒေသခံပြည်သူများက ထင်ကြေးပေးလျှက်ရှိသည်။

PAN