ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက် ပုံမှန်ဖြန့်ဖြူးလျက်ရှိ ဟုဆို


မတ် ၂

ပြည်ပမှမှာယူထားသည့် စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက် သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးလျက်ရှိသည်ဟု သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဆီတင်ယာဉ်(၁,၁၇၅)စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင်ခဲ့ပြီး သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှုအခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

အများပြည်သူအနေဖြင့် ကောလာဟလသတင်းများကြောင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပါကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။