တကောင်းမြို့၌ အကြမ်းဖက် PDF သမားများက Drop Bomb များဖြင် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးမှုများ ဖြစ်ပွား


မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း မြို့၊ ရွှေဇာလီဘုန်းကြီးကျောင်း၏ အရှေ့ဘက်အမြင့် မီတာ ၈၀၀ ခန့်အကွာမှ နေ၍ ဖေဖော်ဝါရီ ၂၉ ရက်နေ့က Drone ယာဉ်များဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၏ အရှေ့ဘက်ရှိ ဦးအောင်ဇော်ဦး ၏ နေအိမ်ပေါ်သို့ ဗုံးသီးများ ကျရောက် ပေါက်ကွဲကာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များ အသုံးပြုကာ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် ၂၀ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်၊ ဒဏ်ရာရရှိမှုမရှိကြောင်း၊ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ရွှေဇာလီ ဘုန်းကြီးကျောင်းတွင် ထားရှိကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက် PDF သမားများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။