ပြည်ပခရီးသွားများအတွက် ကျန်းမာရေးသတ်မှတ်ချက်ထုတ်ပြန်


မတ်လ ၁

နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ၊ ရေကြောင်းခရီးစဉ်တွေနဲ့ နယ်စပ်ဝင်/ထွက်ဂိတ်တွေကနေ မြန်မာနိုင်ငံ ကို ဝင်ရောက်မယ့် ပြည်ပခရီးသွားတွေအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်လာချိန်မှာ သက်ဆိုင်ရာ ကျန်းမာရေးအရာရှိတွေက ဆောင်ရွက်တဲ့ ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုကို ခံယူရမယ်လိုသတ်မှတ်ထား ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်စဉ်အတွင်း ကိုဗစ်အပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ ဖြစ်ပေါ်လာရင် ကုန်ကျ စရိတ်ကို မိမိစရိတ်နဲ့ကျခံရမှာဖြစ်ပြီး ကျန်းမာရေးအာမခံဝယ်ယူလိုရင်တော့ မြန်မာ့အာမခံလုပ်ငန်း ဝက်ဘ်ဆိုက်မှာ လေ့လာဝယ်ယူနိုင်တယ်လို ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သတ်မှတ်ချက်ထဲမှာတော့ ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်ချိန်မှာ ကျန်းမာရေး ကြေညာချက်တင်ပြဖို၊ ကျန်းမာရေးအာမခံဝယ်ယူထားတဲ့ အထောက်အထားတွေ တင်ပြဖိုသတ်မှတ်ခဲ့ပေမယ့် အခုသတ်မှတ်ချက်အသစ်ထဲမှာတော့ အဲဒီအချက်တွေကို လျှော့ပေါ့ပေးလိုက်တာကို တွေ့ရပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ သတ်မှတ်ချက်အသစ်ဟာ မတ်လ ၁ ရက်ကစတင် အကျုံးဝင်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သတ်မှတ်ချက်ကို အစားထိုးမှာ ဖြစ်တယ်လို ထုတ်ပြန်ထားပါတယ်။