ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ


မတ် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552) သည် ယနေ့ နံနက်ပိုင်းတွင်ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။

အဆိုပါစစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် မတ်လ ၃ ရက်ထိ သုံးရက်ကြာနေထိုင်၍ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။