တာချီလိတ်မြို့နယ်တွင်း တပ်ယူနီဖောင်း၊ရဲယူနီ ဖောင်းများနှင့် လုယက်ဓားပြတိုက်နေသည့် ဝန်ထမ်းတစ်ဦးအပါအဝင် တရားခံ ၇ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့

မတ် ၁

        ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊တာချီလိတ် မြို့ပေါ် ရပ်ကွက်တွင်းရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့အယောင် ဆောင်၍ လက်နက်/ ခဲယမ်းများကိုင်ဆောင်ကာ ဓါးပြမှုကျူးလွန်နေသည့် ဝန်ထမ်းတစ်ဦးအပါအဝင် အဖွဲ့ဝင် ၇ ဦးပါ ဓားပြအဖွဲ့အား ယမန်နေ့က တာချီလိတ် တပ်နယ်မှ တာဝန်ရှိသူ များနှင့် ခရိုင်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများအပါ အဝင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ နယ်ထိန်းအရာရှိနှင့် ရဲ တပ်ဖွဲ့တို့၏ သတင်းအရ ယမန်နေ့ ည ၁၁နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယဦးစီးမှူး နေထိုင်ရာ နေအိမ်ဖြစ်သည့် တာချီလိတ်မြို့နယ်၊မယ်ခေါင်ရပ် ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင်ကော်မရှင်ရုံးအိမ်ရာဝန်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ လုယက်ဓားပြတိုက်ရာတွင် ဦးဆောင်သည့် မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်ရုံး ဒုတိယဦးစီးမှူး အေးကိုကိုဦး ၊၃၂နှစ်နှင့်အတူ အပေါင်းအပါများဖြစ်သည့် စိုင်းမောင်ထွန်း (ခ)အိုက်ပီး(၂၀နှစ်)၊ စိုင်းလှမောင်(၂၇နှစ်)၊ စိုင်းခမ်းတွီ (၁၈နှစ်)၊ ရဲသီဟလွင် (၃၈နှစ်)၊ ကျိုင်းဆံဟိုင်း (၂၀နှစ်)တို့အား  စုဝေးသည့် အနေအထားနှင့် ၄င်းတို့ လုယက်ဓားပြတိုက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရပါသည်။

      “တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့အယောင်ဆောင်၍ လက် နက်/ ခဲယမ်းများကိုင်ဆောင်ကာ မကြာခဏဓါးပြမှုကျူး လွန်ဖြစ်နေတာကြောင့် ကျွန်တော်တို့ အချိန်ယူပြီး စောင့်ကြပ်ကာ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ပါတယ်။ ဖမ်း ဆီးတဲ့အခါမှာလည်း သူတို့အဖွဲ့စုဝေး ဆွေးနွေးတဲ့အချိန်ကို စောင့်ပြီး ဖမ်းရတာဖြစ်ပါတယ် ”ဟု တာချီလိတ် ခရိုင်၊ရဲမှူး ဒုရဲမှူးကြီး ဇော်လင်းအောင်မှ ပြော သည်။

        ဖမ်းဆီးရမိသည့် လက်နက်များတွင် တပ်ယူနီ ဖောင်းများ၊ရဲတပ်ဖွဲ့ယူနီဖောင်းများ ပါဝင်ပြီး ဩစတေးလျနိုင်ငံထုတ် STEYR M9 A1 ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊COLT အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊USA နိုင်ငံထုတ်၊ M4 A1 CarvineM-320461  ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့် ၂၂  သေနတ်အရှည် ၁ လက်၊ ကျည်အိမ် ၁ ခု၊ 5.56 ကျည် ၅၉ တောင့်၊ ၉ မမကျည် ၂၀ တောင့်၊၃၈ ကျည် ၉ တောင့်၊၂၂ ကျည် ၄ တောင့်၊ သေနတ်အိတ် ၃ ခု၊လည်ရှည်ဖိနပ်အနက်ရောင် ၁ ရံ၊လည်တိုရှူးဖိနပ် ၂ ရံ၊ ဓားရှည် ၁ ချောင်း၊ နံပါတ်ထုတ် ၁ ချောင်း၊ခါးပါတ်(အနက်ရောင်)  ၅ ချောင်း၊ စကားပြောစက် ၁ လုံး၊ ရဲတပ်ဖွဲ့ယူနီဖောင်းအင်္ကျီ ၃ ထည်၊ရဲတပ်ဖွဲ့ယူနီဖောင်းဘောင်းဘီ ၁ ထည်၊ တာလေပြည်သူ့စစ်ယူနီဖောင်း ၁ စုံ၊ စစ်စိမ်းရောင်ယူနီဖောင်း(ဘက်တံဆိပ်မပါ) ၁ စုံ၊ပြောက်ကျားယူနီဖောင်း ၂ စုံ၊ USA တံဆိပ်ပါပြောက်ကျားယူနီ ဖောင်း ၂ ထည်၊အနက်ရောင်ဘောင်းဘီရှည် ၁ ထည်၊အပြာရောင် ပျောက်ကျားအနွေးထည် ၁ ထည်၊ စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီ ၃ စုံ(တာလေ)၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တံဆိပ်ပါ ဘယ်ရီဟက် ၃ လုံး၊ အပြာရောင်တောဆောင်း ၁ လုံး၊ဖိုက်ဗာအပြာရောင် ၁ လုံး၊ ပိကတ်အပြာရောင် ၁ လုံး၊ဦးထုတ်အဝိုင်း ၂ လုံး၊ ကျည်ကာပျောက်ကျားအစိမ်းရောင် ၃ ထည်(ARMY)၊ ကျည်ကာပျောက်ကျားအနက်ရောင် ၅ ထည်၊ ရွှေတာချီဆိုင်ကယ်တက္ကစီအင်္ကျီ(၇၀၇) ၁ ထည် ၊ မျက်နှာဖုံး အဖြူရောင် ၁ ခု၊ ဆံပင်အတု ၁ ခု၊ အီကွေ့မင် ၁ စုံ၊လက်ထိပ် ၃ ကွင်း၊ လည်ရှည်အနက် ၁ စုံ၊လည်တို (ရှူးဖိနပ်) ၂ ရံ၊ ဓားရှည် ၁ ချောင်း၊နံပါတ်တုတ် ၁ ချောင်း၊ ခါးပါတ်(အနက်ရောင်) ၅ ချောင်း၊စကားပြောစက် ၁ လုံး၊ယာဉ်အမှတ်၊SHN-12/1A-1543 Honda Fit စိမ်းနုရောင် (လိုင်စင်စိစစ်ဆဲ) ၁ စီး၊ယာဉ်အမှတ်၊ SHN-12/5J-2677 Crown အဖြူရောင် (လိုင် စင်စိစစ်ဆဲ) ၁ စီး တို့ကို လက်ရဖမ်းဆီး သိမ်း ဆည်းရမိကြောင်း သိရှိရသည်။

     ဖမ်းဆီးရမိသည့်  တရာခံ၏ ဝန်ခံထွက်ဆိုချက်အရ  တဆက်တည်းပင် ၄င်းတို့နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့်  တာချီလိတ် မြို့နယ်၊ဆေခမ်းရပ်ကွက်နေ စိုင်းဆိုင်မိန်း ၂၅ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှလည်း တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် (၅)တောင့်တို့အား  ထပ်မံရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

      အဆိုပါ အဖွဲ့သည် တာချီလိတ် မြို့နယ်တွင်းရှိ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီ လများအတွင်း တပ်၊ရဲ ယူနီဖောင်းများဝတ်ဆင်၍ ကုန်စုံ ဆိုင်များတွင် လက်နက်ပြ၍ အကြမ်းဖက်ခြိမ်း ခြောက်ကာ လုယက်သူများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

      လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အေးကိုကိုဦး ပါ တရားခံ ကျား ၇ ဦးတို့အား တာချီလိတ်မြို့နယ် မြို့မစခန်း၌  ပူးပေါင်းအဖွဲ့ဖြင့် အသေး စိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN