ဖေဖော်ဝါရီ ၂၉ ရက် မှာ ပြောင်းလဲထိုးသတ်မယ့် ထွန်းထွန်မင်း နှင့် ပရွန်ဆန်နန်


ဖေဖော်ဝါရီ ၂၅

မြန်မာ့ရိုးရာ နာမည်ကြီးလက်ဝှေ့သမား ထွန်းထွန်းမင်း နဲ့ ခွန်ခမာဖိုက်တာ ပရွန်ဆန်နန် တိုရဲ့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ပြောင်းလဲထိုးသတ်မယ်လို သိရပါတယ်။

အခုပြိုင်ပွဲကို ယခင်က မတ်လအတွင်း ကျင်းပရန် စီစဉ်ထားခဲ့‌ပေမယ့် ရှေ့တိုးပြီး ဖေဖော်ဝါရီလ ၂၉ ရက်မှာ ပြောင်းလဲထိုးသတ်ရန် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း နဲ့ ကမ္ဘောဒီးယားဖိုက်တာ ပရွန်ဆန်နန် တိုဟာ မကျေပွဲအဖြစ် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ခွန်ခမာရိုးရာလက်အိတ်နှင့် ထိုးသတ်ရမှာဖြစ်ပါတယ်။

ထွန်းထွန်းမင်း နဲ့ ပရွန်ဆန်နန် တိုဟာ ၂၀၂၃ ခုနှစ်၊ မေလက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ (၃၂)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး ပရွန်ဆန်နန် က အမှတ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများဟာ ယခုနောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ခွန်ခမာပြိုင်ပွဲများမှာ သွားရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂၉ ရက်မှာ ကျင်းပမယ့်ပြိုင်ပွဲမှာ ထွန်းထွန်းမင်း အပြင် ကျော်စွာဝင်း လည်း သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို သိရပါတယ်။

အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ၇ ပွဲ ပါဝင်မှာဖြစ်ပြီး အမျိုးသမီးတွဲဆိုင်းတစ်ပွဲ ပါဝင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကမ္ဘောဒီးယားဖိုက်တာများဟာ ပြည်ပနိုင်ငံများဖြစ်တဲ့ မြန်မာ၊ အီရန်၊ ဗီယက်နမ်၊ ဘရာဇီးလ်ဖိုက်တာများနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ပရွန်ဆန်နန်နှင့် ထွန်းထွန်းမင်း တိုရဲ့တွဲဆိုင်းကိုတော့ အဓိကတွဲဆိုင်းအဖြစ် ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။