မန္တလေးမြို့ပေါ်ရှိ လူသွားလူလာရှင်းသည့်နေရာများတွင် ဆိုင်ကယ်များအား အုပ်စုဖွဲ့၍ ဓားထောက်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂၂

        မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ လူ သွားလူလာရှင်းသည့်နေရာများတွင် ဆိုင်ကယ်များအား အုပ်စုဖွဲ့၍ ဓားထောက်လုယက်မှုများအား အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၉  ရက် မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်း၊ ၂၇ x ၂၉(A) လမ်းကြားတွင် လူ ၁ ဦး ဓားဒဏ်ရာဖြင့် လဲကျနေကြောင်း သတင်းအရ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် ကွပ်ကဲမှုအောက်လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာအခင်း ဖြစ်သည့်နေရာတွင် အမည်မသိ အမျိုးသား ၁ ဦးသည် ဓါးဒဏ်ရာများဖြင့် လဲကျသေဆုံးလျက်ရှိသည်ကို တွေ့ရှိရသည်။

       ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ချက်များအရ သေ ဆုံးသူသည် ယင်းနေ့တွင် ၅၃ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ Scoopyi အနက်ရောင် မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၂၇ x ၂၉(A) လမ်းကြားသို့ အရောက်၌  တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် လူ ၄ ဦးပါ ဆိုင်ကယ်နှစ်စီးမှ ရှေ့မှပိတ်ရပ်ပြီးနောက် ဆိုင်ကယ် နောက်တွင် လိုက်ပါလာသူများမှအသင့် ယူဆောင်လာသော ဓားများဖြင့် ထိုး၍ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက် ပြေးသွား ခဲ့ကြောင်း သိရှိရသည်။

       ပြစ်မှုကျူးလွန်တရားခံများအား အမြန်ဆုံး ဖော် ထုတ်ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိ သူ များမှ အဖွဲ့များခွဲ၍ စိစစ်ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ချမ်းမြေ့အောင် (ခ)ဒေါက်ဒေါက် ၂၂ နှစ်၊ (ဘ) ဦးလင်းအောင်၊ တိုးဝေ(ခ)တိုးတက်(ခ) အားထစ်၊ ၁၇ နှစ်၊ (ဘ)ဦးစံသိန်း၊ ရဲဝင်းအောင်၊ ၁၇ နှစ်၊ (ဘ)ဦးဇော်ဝင်း၊ ကျော်ကြီး(ခ) ကျော်ကျော်မြင့်၊ ၁၈ နှစ်၊ (ဘ) ဦးမြငွေတို့ ၄ ဦးနှင့် သက်သေခံဆိုင်ကယ်အား ဝယ်ယူခဲ့သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၃၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။

      ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် တရားခံများအား ကနဦးစစ်ဆေးချက်များအရ ၎င်းတို့သည် မန္တလေးမြို့ပေါ်ရှိ လူအသွားအလာ နည်းပါးသည့်နေရာများတွင် အုပ်စုဖွဲ့၍ တန်ဖိုးကြီး မော်တော် ဆိုင်ကယ်များအား ဓါးထောက် လုယက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေခံပစ္စည်းများ ဆက်လက် သိမ်းဆည်းရမိရေးနှင့် ၎င်းတို့အား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်နိုင်ရေး ဆက် လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#PAN