ကျွန်းစုမြိုနယ်က သယောကြီးကျွန်းဒီရေတောကို ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်

ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြိုနယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၂၆၉ ဧက ရှိသောနယ်မြေကို သယောကြီးကျွန်းကို “ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်သတ်မှတ်လိုက်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်များကိုကျင့်သုံးကာ သယောကြီးကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၅/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပိုတွဲလဆန်း(၆)ရက်၊ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်) မှစ၍ သတ်မှတ်ခဲ့တာဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝစေရန်၊ ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော လှိင်းဒဏ်၊ လေမုန်တိုင်းဒဏ်ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန်စသော ရေသယံဇာတများစဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန် လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲစည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

သယောကြီးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် အဓိကဒီရေတော သစ်မျိုး များဖြစ်သော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ မဒမ၊ ပင်လယ်အုန်းစသည့် အဖိုးတန်သစ်မျိုးများနှင့် လမု၊ ကန့်ပလာစသည့် ဒေသမျိုးရင်းဒီရေတော သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ကြက်တူရွေး၊ သိမ်း၊ ပန်းဇင်ငှက်နှင့် ဒင်ကြီးငှက် စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ပုစွန်များ စသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ပွားရာ အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။