မြန်မာစာ၊ ပထဝီနှင့် မြန်မာ့သမိုင်း ဘာသာရပ်များကို ကိုယ်ပိုင်ကျောင်းများတွင် မဖြစ်မနေသင်ကြားရမည်


ဖေဖော်ဝါရီ ၁၈

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ ပထဝီနှင့် မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင် ပညာရေးမှူးများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

ပုဂ္ဂလိက ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍများမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများသည် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲများ၊ လုပ်ငန်းအဖွဲများ ဖွဲစည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောပါတယ်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ ပြုလုပ်ကြရမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတိုခရိုင်အတွင်းရှိ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ စာရင်းများ၊ သင်ကြားသင်ယူနေမှုအခြေအနေနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် ကြီးကြပ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ရှိ ဆရာ/ဆရာမများ ပညာရေးအရည်အသွေးမြှင့်တင်ပေးရန် သင်တန်းများ ဖွင့်လှစ်ပိုချ‌ ပေးရန်လိုအပ်ပြီး ဆရာ/ဆရာမများ အရည်အသွေးမြင့်နေမှသာ အရည်အသွေးရှိသော မျိုးဆက်သစ်များကို ပြုစု ပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံဖြိုး တိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်း လက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်‌ရေးဆိုင်ရာများ၊ ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ရေးနှင့် ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်၊ သင်တန်း ဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် နွေရာသီတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၌ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။