မြစ်ကြီးနားမြို့ရှိ ဒေသခံ ပြည်သူလူထုမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်


ဖေဖော်ဝါရီ ၁၇

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ မြိုသစ်ကြီးရပ်ကွက်တွင် ပြည်သူ ၇၀၀ ဦးခန့်က ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီး၌စုဝေးကြပြီး ကျင်းပမည့်နေရာအသီးသီးသို့ ချီတက် ထောက်ခံကြသည်။ ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန် ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံးစစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပ အန္တရာယ်များက ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောကာ ငြိမ်းချမ်းစွာ လူစုခွဲ ခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN