မူးယစ်မေ့လျော့စေတတ်သည့်အရာများ ရောင်းဝယ်ဖောက်ကားမှုကို မိစ္ဆာဇီဝခေါ် မကောင်းသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လူသားတို့ကိုးကွယ်ရာ ဘာသာကြီးများက သတ်မှတ်ထား ကြသည်။ ထို့အပြင် ရှေးခေတ်မှသည် မျက်မှောက်ခေတ်အထိ အုပ်ချုပ်သူ မင်းအစိုးရအဆက်ဆက်တို့က တရားမဝင်အဖြစ် ပိတ်ပင်တားမြစ်ခဲ့ကြသော်လည်း အကျိုးအမြတ်လွန်စွာကြီးမားလှသည့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများမှာ ရာစုနှစ်များ ကြာခဲ့ပြီဖြစ်သည့် ပစ္စုပ္ပန်ကာလတိုင် ပျောက်ပျက်မသွား။
မူးယစ်ဆေးဝါးဟုဆိုရာတွင် အစောပိုင်းကာလများ၌ ဘိန်းသည် အဓိကဖြစ်ပြီး ၁၆ ရာစုနှစ်ဦးပိုင်းတွင် အနောက်တိုင်းသားတို့က အာရှသို့ ယူဆောင်ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ ၁၈ ရာစုသို့ ရောက်သည့်အခါ ဘိန်းကုန်ကူးခြင်းသည် အင်္ဂလိပ်အရှေ့အိန္ဒိယ ကုမ္ပဏီကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်လာသည်။ ဘိန်းသည် ဥရောပ၏ ဆေးဝါးဖြစ်လာပြီး ရောဂါများစွာတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြရာမှ ရေရှည်တွင် ဖြတ်မရအောင် စွဲလမ်းစေတတ်ကြောင်းကိုလည်း သိရှိလာကြပြီး ဆန့်ကျင်လာကြသည်။ ဥရောပတွင် ဈေးကွက်ပျက်သည့်အခါ ဘိန်းသည်သာ အဓိကစီးပွားရေးဖြစ်နေပြီး အကျိုးအမြတ်ကို မစွန့်လွှတ်နိုင်သည့် အရှေ့အိန္ဒိယကုမ္ပဏီက အာရှသားတို့ကို ဘိန်းဇာတ်သွင်း၍ ဈေးကွက်ရှာခဲ့သည်။
၁၈၂၄ ခုနှစ် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ရခိုင်နှင့် တနင်္သာရီတို့ အင်္ဂလိပ်လက်အောက် ကျရောက်သွားခဲ့ရာ ၎င်းဒေသများတွင် လိုင်စင်ရဘိန်းခန်းများ ဖွင့်လှစ်စေခြင်းဖြင့် ဒေသခံတိုင်းရင်းသားတို့ကို ဘိန်းစားဇာတ်သွင်းခဲ့သည်။ ဘိန်းရောင်းရငွေနှင့် ဘိန်းခန်းလိုင်စင်အခွန်ငွေတို့ကသာ အကျိုးအမြတ်ဖြစ်စေခြင်းမဟုတ်ဘဲ ဘိန်းစွဲနေသည့် အမျိုးသားတို့ ခုခံတွန်းလှန်လိုစိတ်ကင်းမဲ့ခြင်းနှင့် လှုပ်ရှားတက်ကြွမှု ကင်းမဲ့ခြင်းတို့ကလည်း နယ်ချဲ့တို့အဖို့ အမြတ်ပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် အင်္ဂလိပ်တို့၏ ဘိန်းဇာတ်သွင်းမှုကြောင့် တောင်ပိုင်းဒေသ ကမ်းရိုးတန်းပြည်နယ်များရှိ တရုတ်အမျိုးသား ၉၀ ရာခိုင်နှုန်းခန့်အထိ ဘိန်းစွဲခဲ့ရာ တရုတ်ဧကရာဇ်က အင်္ဂလိပ်တို့၏ ဘိန်းကုန်ကူးမှုကို နှိမ်နင်းရာမှ ၁၈၄၇ ခုနှစ်တွင် ပထမဘိန်းစစ်ပွဲ ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံတွင် ဘိန်းရောင်းချနိုင်ရေးအတွက် အင်္ဂလိပ်တို့ မတရားဆင်နွှဲခဲ့သော ဘိန်းစစ်ပွဲသည် ထာဝရဂုဏ်သိက္ခာမဲ့စွာဖြင့် သမိုင်းမှတ်တမ်းဝင်နေခဲ့ပြီဖြစ်သည်။
နယ်ချဲ့တို့စခဲ့သည့် မူးယစ်ဆေးဝါးဇာတ်လမ်းကို မိမိတို့နိုင်ငံတွင် အမွေဆက်ခံသူများမှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြသည်။ ယခုခေတ်တွင် မူးယစ်ဆေးဝါးသည် ဘိန်းထက် ပိုမို၍ထုတ်လုပ်ရန် လွယ်ကူပြီး ပိုမိုဆန်းပြားသည့် ဓာတုပစ္စည်းများ အခြေခံသည့် ဆေးဝါးများဖြစ်လာသည်။ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီရေး စသည်ဖြင့် လူကြားကောင်းအောင် အကြောင်းပြထားကြသည့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ ကြီးစိုးရာဒေသများမှာ မူးယစ်ဆေးဝါးများကို ထုတ်လုပ်ကြပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုများကို လုပ်ကိုင်ကြခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးလုပ်ငန်းမှရရှိသည့် ကြီးမားလှစွာသော အကျိုးအမြတ်များက အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ခဲယမ်း၊ ယူနီဖောင်း၊ ရိက္ခာ၊ စစ်အသုံးအဆောင်များအတွက်သာမက ခေါင်းဆောင်ပိုင်းတို့အတွက် အဓိကဝင်ငွေများလည်းဖြစ်သည်။
မူးယစ်မှောင်ခိုစီးပွားရှာမှုများနှင့် စပ်လျဉ်း၍ နောက်ဆုံးပေါ်ထွက်လာသည့် လက်နက်ကိုင်အဖွဲ့မှာ ရခိုင်တိုင်းရင်းသားတို့၏ အကျိုးအတွက်ဟုဆိုထားသည့် AA ဖြစ်သည်။ ရှမ်းမြောက်တွင် ထုတ်လုပ်သည့် မူးယစ်ဆေးပြားများကို နယ်ချဲ့အင်္ဂလိပ်တို့၏ လမ်းစဉ်ကိုလိုက်ကာ ရခိုင်ပြည်နယ်သို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ AA သည် မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရောင်းချခဲ့သလို လူကုန်ကူးမှုများလည်း ပြုလုပ်ခဲ့သည်။ မူးယစ်မှောင်ခိုမှုနှင့် လူကုန်ကူးမှုတို့သည် ကမ္ဘာ့နိုင်ငံတိုင်းက တိုက်ဖျက်နေကြသည့် ရာဇဝတ်မှုများဖြစ်သော်လည်း အကျိုးအမြတ်လွန်စွာကြီးမားခြင်းကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ လူမျိုးစုလက်နက်ကိုင်များက မဖြစ်မနေ ကျူးလွန်နေကြခြင်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုးအပေါ် ထိခိုက်နစ်နာစေပြီး လူသားတို့အပေါ် အန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေးတွင် တိုင်းရင်းသားပြည်သူအားလုံးတို့က တစ်တပ်တစ်အားပါဝင်ကြရေး တိုက်တွန်းလိုက်ရ ပါကြောင်း။ ။
နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။