တောင်သာမြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့အား၊ အကြမ်းဖက် PDF များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်



ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရေခါးကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး စစ်ဆေးဆောင်ရွက်ရန် သွားရောက်သည့် ပူးပေါင်းအဖွဲ့အား အကြမ်းဖက် PDF များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်သား ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းဆောင်ရွက်ရန် သွားရောက်စဥ် တောင်သာမြို့နယ်၊ တောင်သာ-မလှိုင်ကားလမ်းဘေး၊ ရေခါးကျေးရွာသို့သွားသည့် လမ်းခွဲ ဇရပ်အနီးသို့ ရောက်ရှိစဥ် အကြမ်းဖက် PDF အဖွဲ့က လက်လုပ်မိုင်းများ ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သားပြည်သူ ၁ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား မိတ္ထီလာ တပ်မတော်စစ်ဆေးရုံ ကုတင်-၅၀၀ သို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။

PAN