ရီပတ်ဘလစ်ကန်ပါတီအမတ်များ၏ အမိမြေလုံခြုံရေးဝန်ကြီးကို စွပ်စွဲပြစ်တင်မှုအဆိုရှုံးနိမ့်


ဖေဖော်ဝါရီ ၇

အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်ဆိုင်ရာ ကိုင်တွယ်မှုညံ့ဖျင်းသည်ဟုဆိုကာ အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas ကို ရီပတ်ဘလစ်ကန်ပါတီအမတ်များဦးဆောင်ကာ အောက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခဲ့သည်။

အမေရိကန်နိုင်ငံသား အများအပြားသည် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုမှတစ်ဆင့် ခိုလှုံလာသည့် ဒုက္ခသည်များအား နိုင်ငံ၏ အကျပ်အတည်းတစ်ခုအဖြစ် ရှုမြင်နေကြသည်။ Alejandro Mayorkas သည် အမေရိကန်နိုင်ငံ၏ နယ်စပ်လုံခြုံရေးဆိုင်ရာ ဥပဒေများ ပြဌာန်းရန် ပျက်ကွက်ခဲ့ပြီး တာဝန်ပျက်ကွက်မှုကြောင့် စွပ်စွဲပြစ်တင်ခဲ့သည်ဟုဆိုသည်။ ရီပတ်ဘလစ်ကန်ပါတီအမတ် Mark Green က “ယခုစွပ်စွဲပြစ်တင်မှုသည် ရာဇဝတ်မှုဆိုင်ရာ အပြုအမှုနှင့် အကျုံးဝင်ရုံသာမက အမေရိကန်နိုင်ငံသားများအား အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် လူအများ၏ ယုံကြည်မှုကို သစ္စာဖောက်ခြင်း” ဟုတ် စွပ်စွဲပြောဆိုခဲ့ပြီး ဆိုးဆိုးရွားရွားအရည်အချင်းမရှိသူဟု Alejandro Mayorkas ကို ဝေဖန်ပြစ်တင်ခဲ့သည်။

မွန်တားနားပြည်နယ် ရှေ့နေချုပ် Austin Knudsen က “အမေရိကန် တောင်ပိုင်းနယ်စပ်သည် မည်သည့်အုပ်ချုပ်ရေးနှင့်မဆို ခက်ခဲသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas နှင့် သမ္မတဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့သည် အဆိုပါမီးကို ဓာတ်ဆီလောင်းခဲ့သည်”ဟုဆိုသည်။ စွပ်စွဲပြစ်တင်မှုအဆို ရှုံးနိမ့်ခဲ့သော်လည်း ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း သဘောထားတင်းမာသည့် ရီပတ်ဘလစ်ကန်ပါတီအမတ် Marjorie Taylor Greene ကဆိုသည်။

PAN