ဖေဖော်ဝါရီ ၅
ဒီးမော့ဆိုမြို့တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ တပ်မတော်မှ ဒီမောဆိုးမြို့နယ်တွင်းသို့ လေကြောင်းပျံသန်းမှုမရှိကြောင်း သိရှိရသည်။အလားတူ ဆီဆိုင်မြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်မှုများကြောင့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦ အချို့ပျက်စီးခဲ့ရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေသည့် နေရာများသို့ အဝေးမှ လက်နက်ကြီးများ၊ Drone အသုံးပြု၍ Drop ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းများကြောင့် လက်နက်ကြီးဗုံးသီးများနှင့် Drop ဗုံးများ ဇဝနာရာမပရိယတ္တိ စာသင်တိုက်ကြီး အဆောက်အဦအချို့ကို ထိမှန်ခဲ့၍ ထိခိုက်ပျက်စီးခဲ့ရကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများ၏ နိုင်ငံအားအလုံးစုံပျက်သုဉ်းရေးအတွက် သတင်းတု၊ သတင်းအမှားများကို ကြိမ်ဖန်များစွာ လုပ်ကြံရေးသားပြီး ပြည်သူများအား သတင်းအဆိပ်ခတ်ဖြန့်ဝေလျက်ရှိရာ ၎င်းတို့၏ လုပ်ကြံသတင်းအမှားများအပေါ် ပြည်သူများ အထင်အမြင်လွှဲမှားမှုမရှိစေရန်အတွက် နိုင်ငံပိုင်သတင်းဌာနများနှင့် သတင်းစာများတွင် သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။