အိမ်သာကျင်းတူနေစဉ် တွင်းဟောင်းပွင့်ထွက်သွားတာကြောင့် ကျား ၃ နစ်မြုပ် မီးသတ်တပ်ဖွဲ့ အချိန်မှီ ကယ်ဆယ်ခဲ့ပေမယ့် ၁ ဦးသေဆုံး


ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်အချိန်ခန့်၌ အိပ်သာကျင်းသစ်တူးဖော်နေသည့် အမျိုးသား ၃ ဦး ကျင်းထဲတွင် နစ်နေကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသား ၃ ဦးသည် ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်သာကျင်းသစ်တူးနေတာဖြစ်ပြီး ကျင်းထဲသို့ ၂ ဦးဝင်ရောက်တူးဖော်နေစဉ် ကျင်းဟောင်းဘက် အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားခဲ့သောကြောင့် အပေါ်သို့မတတ်နိုင်ဘဲ အောက်စီဂျင်ပြတ်တောက်နေ၍ အပေါ်တွင်ရှိသော ကျား(၁)ဦးမှ ဆင်းကူဆယ်ရာ စုစုပေါင်း ကျား(၃)ဦး နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အိမ်သာကျင်းတွင်း ကျား ၃ ဦးနစ်မြုပ်နေကြောင်း သတင်းအရ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထောက်အကူပြုယာဉ်(၁)စီး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ကျား(၂)ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျား(၁)ဦးမှာ (သေဆုံး)သဖြင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဓာတ်ပုံ – MFSD

PAN