ကျိုင်းတုံနဲ့ ပုသိမ်မြိုတို အာဆီယံရဲ့ အသန့်ရှင်းဆုံးခရီးသွားမြိုတော်ဆု (ASEAN Clean Tourist City Award) ရတဲ့ အပြင် မြန်မာနိုင်ငံမှ ခရီးသွားနဲ့ ဆိုင်တဲ့ ဆုများရရှိခဲ့


ဇန်နဝါရီ ၃၀

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံ ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပတဲ့ အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်၌ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပေးအပ်ချီးမြှင့်ရာတွင် မြန်မာနိုင်ငံမှ ကျိုင်းတုံမြို့နဲ့ ပုသိမ် မြို့တိုကို ASEAN Clean Tourist City Award ဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ကနေ ၂၇ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ နဲ့ ဆက်စပ်ကျင်းပတဲ့ အာဆီယံခရီးသွား လုပ်ငန်း ဝန်ကြီးများအစည်းဝေးကို မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားတွင်ပေးအပ်တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းဆုများတွင် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နဲ့ ဧရာဝတီတိုင်းဒေသကြီး မှ ပုသိမ်မြို့တို့သည် အာဆီယံ သန့်ရှင်းတဲ့ ခရီးသွား မြို့တော်ဆု (ASEAN Clean Tourist City Award ) ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံအစိမ်းရောင်ဟိုတယ်ဆု ASEAN Green Hotel Award ငါးဆု၊ ASEAN Mice Venue Standard Award ( Category : Meeting Room ) သုံးဆု၊ ASEAN Mice Venue Standard Award ( Category : Exhibition Award ) နှစ်ဆု၊ ASEAN Mice Venue Standard Award ( Category : Event Venue ) သုံးဆု နှင့် ASEAN Sustai nable Tourism Award တစ်ဆုတို့ကိုပါ မြန်မာနိုင်ငံက ရရှိခဲ့ကြောင်း သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးသည် (၂၃)ကြိမ်မြောက် အာဆီယံ – တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွား လုပ်ငန်း ဝန်ကြီးများ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပြီး အာဆီယံ-တရုတ် ခရီးသွား လုပ်ငန်း ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ရန် အဆိုပြုချက်အပေါ် ထောက်ခံ သဘောတူညီကြောင်း ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။
အလားတူ အာဆီယံ – ရုရှား ဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံ – ရုရှား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပြင် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသားများ အတွက် ဗီဇာ ၁ နှစ် ကင်းလွတ်ခွင့်ကို ဒုတိယနှစ်အဖြစ် စမ်းသပ်ခွင့်ပြုဆောင်ရွက်ပေးနေမှုများ၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း စတင်ပြေးဆွဲ ဆောင်ရွက်ခဲ့မှုများ အပါအဝင် ရုရှားခရီးသွားများ ပိုမိုတိုးတက်ဝင်ရောက်ရေးအတွက် ချစ်ကြည်ရင်းနှီးမှု ခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၄ နှင့် ဆက်စပ်ကျင်းပတဲ့ အာဆီယံခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ၍ မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းပါဝင်ပြသနေမှု အခြေအနေကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရပါ တယ်။

PAN